NUGရဲ့ တော်လှန်ရေးနဲ့ စစ်ရေးမဟာဗျူဟာတွေ အမြန်အသက်ဝင်အောင် လုပ်ရမယ့်အချိန်ရောက်ပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော

၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

တော်လှန်ရေးတစ်ရက် ကြန့်ကြာလေလေ ပြည်သူတွေ အသက်တွေဆုံးရှူံးနေရလေလေ ဖြစ်တာ ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တော်လှန်ရေးမဟာဗျူဟာတွေ၊

စစ်ရေးမဟာဗျူဟာတွေကို အမြန်အသက်ဝင်အောင်လုပ်ဆောင်ကြရမယ့်အချိန်ရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ်လ ၃ရက်နေ့က ပြောလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ အရပ်သားတွေ သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး ပြောကြားရာမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကနီ၊ မင်းကင်းနဲ့ယင်းမာပင် မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရသလို အရပ်သားသေဆုံးမှုဟာ မနေ့ကအထိ (၂၃)ဦးအထိရှိပြီဖြစ်တယ်၊ အပြစ်မဲ့ပြည်သူတွေ သေဆုံးရတဲ့အတွက်အလွန်စိတ်ထိခိုက်ရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်ကအမှာစကား ပြောကြားရာမှာလည်း ပြည်သူတွေက စစ်ကောင်စီကို တစ်ပြိုင်တည်း တော်လှန်တိုက်ခိုက်ကြမယ့် D day ကိုမျှော်လင့်နေကြတဲ့ အခြေအနေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပြောရရင် D day ဆိုတာ ရက် တစ်ရက် သီးသန့် သတ်မှတ်တယ်ဆိုတာထက် တော်လှန်ရေးဖြစ်စဉ်ကြီးတစ်ခု ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

ဒါကြောင့် မြို့နယ်တစ်ခုချင်းစီမှာ မြေပြင်အခြေအနေအလိုက် လိုအပ်လာမယ့် သက်ဆိုင်ရာကဏ္ဍတွေကို ဝန်ကြီးဌာနတွေ အချင်းချင်းချိတ်ဆက် ဆောင်ရွက်ထားဖို့ဝန်ကြီးတွေကို ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ဒီမိုကရေစီအရေးအတွက် ပြည်သူတွေတိုက်ပွဲဝင်ခဲ့ကြတဲ့ ၁၉၈၈ ကာလ ၈လေးလုံး အရေးတော်ပုံ ကစလို့ ၂၀၂၁ကာလ (၂) ငါးလုံးအရေးတော်ပုံအထိ ပြည်သူလူထုဟာ စစ်အာဏာရှင်ကိုမလိုလားပဲ

ဒီမိုကရေစီစနစ်ကိုသာ လိုလားတယ်ဆိုတဲ့စိတ်ကို တစ်စိုက်မတ်မတ်ပြသလာကြတာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။ အခုတကြိမ်မှာတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် အပြီးသတ် ချေမှုန်းသွားကြဖို့ လည်းသူက တိုက်တွန်းခဲ့ပါတယ်။