ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့တိုက်ခိုက်လို့ အကြမ်းဖက်စစ်အုပ်စုဘက်က ၁၃ဦးသေ၊ ၂၀ကျော်ဒဏ်ရာရ

၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့က စစ်အုပ်စုတပ်တွေ ယာဉ်တန်းနဲ့ တပ်စခန်းချထားတဲ့နေရာတွေကို ဩဂုတ်လ ၃ရက် မနေ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုတပ်သား (၁၁)ဦးနဲ့ ရဲ ၂ဦးသေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ ကယားပြည်နယ် ဘောလခဲနဲ့ ဖရူဆိုမြို့ကို ထိုးစစ်ဆင် ဝင်ရောက်လာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)နဲ့ KNDF တို့က

ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ မြို့နယ်နှစ်ခုမှာ မနေ့က တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်က ၁၁ဦးသေ၊ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ KNDFက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုယာဉ် ၃စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာလည်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ တပ်စွဲရာ မြို့တော်ခန်းမအတွင်းကို ဗုံးပေါက်ခွဲခဲ့လို့ စစ်အုပ်စု လက်ပါးစေ ရဲ ၂ဦး သေဆုံးခဲ့တယ်လို့ KNDFက ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်တို့မှာ ထိုးစစ်ဆင်တာ

တပ်အင်အားဖြည့်တာတွေ လုပ်နေတယ်ကြောင့် KNPP/KNDF ပူးပေါင်းအဖွဲ့က စစ်အုပ်စုတပ်တွေကို ဆက်လက်ရင်ဆိုင် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့နဲ့ အချင်းချင်းကူညီကြဖို့ KNDF ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းထားပါတယ်။

ကယားပြည်နယ်မှ မေလကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး ဇူလိုင်လမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပါတယ်။