နိုင်/ကျဥ်းတွေကို ကူညီပေးလေ့ရှိတဲ့ ထားဝယ်ထောင် ဆေးမှူးတဦး CDM ပြုလုပ်

မတ်၊ ၃၁
 
နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးလေ့ရှိတဲ့ တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်ကဆေးမှူးတဦး CDM ပြုလုပ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) က မနေ့က ထုတ်ပြန်အသိပေးပါတယ်။
 
အသက် ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီဆေးမှူးဟာ စစ်အာဏာသိမ်းမှုစဖြစ်ကတည်းက CDM ပြုလုပ်ဖို့ ဆန္ဒရှိခဲ့ပေမယ့် ထားဝယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ရဲ့ တိုက်တွန်းမှုကြောင့် ဆေးမှူးတာဝန် ဆက်လက်ထမ်းဆောင်နေခဲ့တာလို့ သိရပါတယ်။
 
“စီဒီအမ်မလုပ်ဘဲ ထောင်ထဲရောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးဖို့ ဝိုင်းပြီးတိုက်တွန်းကြတာ၊ အဲဒါကို လက်ခံပြီး စီဒီအမ်မလုပ်ဘဲ နေလိုက်တာ၊ ထောင်ထဲမှာဆို ဆေးမှူးလေးလို့ ခေါ်ကြတယ်၊ ပခုံးမှာ ကြယ်တပွင့်နဲ့” လို့ DPPN တာဝန်ရှိသူက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကတည်းက CDMပြုလုပ်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘေးကင်းတဲ့နေရာကို ရောက်သွားပြီလို့လည်း သိရပါတယ်။
 
အဲဒီဆေးမှူးဖြစ်သူဟာ အကျဥ်းဦးစီးအောက်က ဝန်ထမ်းမဟုတ်ဘဲ ကျန်းမာရေးဦးစီးဌာနအောက်က သူနာပြုတယောက်အနေနဲ့ အကျဥ်းထောင်ဆေးမှူးတာဝန်ကို တွဲဘက်တာဝန်ယူရတာဖြစ်ပြီး မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
 
“သူ့ဆီက တော်တော်များများ အကူအညီရကြတာ၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့၊ နောက်ပြီးကိုယ်လိုချင်တဲ့ နိုင်ငံရေးစာအုပ်တွေရဖို့ကို သူကူညီပေးတယ်၊ ကျန်းမာရေးကိစ္စတွေရောပဲ” လို့လည်း ထားဝယ်နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက DNA ကို ပြောပါတယ်။
 
လက်ရှိမှာတော့ ထားဝယ်အကျဥ်းထောင်မှာ စစ်တပ်ဘက်က ရောက်လာတဲ့သူတွေ ဝင်ရောက်အုပ်ချုပ်နေတာရှိပြီး အဲဒီဆေးမှူးအနေနဲ့ အရင်ကလို ကူညီပေးလို့မရတော့တာကြောင့် အခုလို CDM လုပ်လိုက်တာလို့လည်း ဆိုကြပါတယ်။
 
“လုံခြုံရေးကတော်တော်ကြပ်လာတာ၊ သူပါစစ်ဆေးခံရတာမျိုးတွေ ရှိလာတယ်၊ အဲတော့ဘာမှ ကူညီပေးလို့ မရတော့ဘဲ သူ့တာဝန်ပဲ သူလုပ်နေရသလို ဖြစ်နေတော့ ထွက်လာလိုက်တာ” လို့လည်း DPPN တာဝန်ရှိသူက ပြောပါတယ်။
 
အလားတူပဲ အရင်နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေတုန်းကလည်း ထားဝယ်အကျဥ်းထောင်ကနေ ထောင်အရာရှိတဦးအပါအဝင် ထောင်ဝန်ထမ်းခြောက်ဦး ထွက်ပြေးသွားခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – DNA