အရပ်သားတွေ အကာအကွယ်ယူမြို့တွင်း ဓာတ်ပုံရိုက်ပြီး ဆီဆိုင်ကိုထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လို့ PNLA ဆို

 

မတ်၊ ၃၀

အာဏာသိမ်းစစ်အုပ်စုဟာ ပအိုဝ်းဝ်ဝတ်စုံဝတ် အရပ်သားတွေကိုလူသားဒိုင်းအဖြစ်အသုံးချကာ ဆီဆိုင်မြို့ထဲဝင် ဓာတ်ပုံရိုက်ပြီး မြို့ကိုပြန်ထိန်းချုပ်နိုင်ကြောင်း လိမ်လည်ဝါဒဖြန့်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ကတုံ့ပြန်ပါတယ်။

“မြို့ကို ပြန်သိမ်းပြီဆိုတဲ့ဟာက ဝါဒဖြန့်တာပေါ့နော်၊ ရလိုရငြားပေါ့နော်၊ စစ်ကောင်စီတပ်သားတွေကို စိတ် ဓါတ် မြှင့်တင်ရေးအနေနဲ့ လုပ်တယ်လို့ပဲ မြင်တယ်”လို့ PNLA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက DNAကိုပြော ပါတယ်။

အခုနှစ် ဇန်နဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲတွေစဖြစ်ခဲ့ပြီး မြို့တွင်းဌာနဆိုင်ရာရုံးတွေက PNLA ကသိမ်းပိုက်ခဲ့ပြီး နောက် လက်ရှိအထိ ဆီဆိုင်မြို့မှာ နှစ်ဖက်တိုက်ခိုက်မှုတွေရှိနေပေမယ့် စစ်ကောင်စီကတော့ မြို့ကိုသူတို့ပြန် ထိန်းချုပ်လိုက်ပြီလို့ နိုင်ငံပိုင်မီဒီယာတွေကနေ ဒီကနေ့ကြေညာပါတယ်။

ဌာနနေပြည်သူ့စစ်၊ဒေသခံပြည်သူတွေနဲ့အတူ စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ပြီးနောက် မတ် ၂၅ရက်မှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ စုပေါင်းသန့်ရှင်းလုပ်ငန်းတွေလုပ်နေကာ ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ တာဝန်ရှိသူတွေ ကိုယ် တိုင် သွားရောက်ကြည့်ရှု့ ထောက်ပံ့ပေးခဲ့ကြတယ်လို့စစ်ကောင်စီကဖော်ပြပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲကာလအတွင်း ဆီဆိုင်မြို့တွင်းကနေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တာနဲ့ ပတ်သက်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က မိုင်းထောင်ဖောက်ခွဲမီးရှို့ခဲ့တာလို့ စစ်ကောင်စီက ဖော်ပြပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ဒီကနေ့ ထုတ်ပြန်ချက်မှာ PNLA ဘက်ကအရင်ကတည်းက ဖော်ပြထားတဲ့ မြို့တွင်း ပျက်စီးမှုအခြေအနေဓာတ်ပုံတချိုု့ကိုလည်း ယူသုံးထားတာတွေ့ရပါတယ်။PNLA ဘက်ကထုတ်ပြန်ချက်တွေ အရဆိုရင်တော့ မြို့တွင်းကနေအိမ်အဆောက်အအုံတွေပျက်စီးတာဟာ စစ်ကောင်စီရဲ့လေကြောင်း ၊လက် နက်ကြီး နေ့စဉ်နီးပါးတိုက်ခိုက်မှုတွေကြောင့်လို့ဆိုပါတယ်။

ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကတော့ စစ်ကောင်စီ တပ်ဖွဲ့ တွေနဲ့အတူ ပအိုဝ်းဝတ်ဆုံဝတ်ဆင်ထားတဲ့ လူထုတချို့က ဆီဆိုင်မြို့ထဲ ဝင်ရောက်လာပြီး ဓါတ်ပုံရိုက် နေတာ တွေ့မြင်ရပေမဲ့ လူထုထိခိုက်မှာ စိုးရိမ်လို့ မတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မြို့ထဲဝင်လာတဲ့အချိန်မှာ တွေ့တယ်၊ အမှိုက်ကောက်ချင်ယောင်ဆောင်ပြီး ဓါတ်ပုံတွေ ရိုက်ကြတယ် ပေါ့နော်၊ သူ တို့ ဘယ်ကခေါ်လာမှန်း မသိတဲ့ လူထုတွေကို ပအိုဝ်းဝတ်စုံဝတ်ထားကြတယ်၊ အဲဒီမှာ တိုက်ပွဲဖြစ်ရင် အဲဒီလူသား ဒိုင်းပြုလုပ်ခံရတဲ့ မလိုအပ်ပဲ ထိခိုက်မှု ဖြစ်မှာပေါ့နော်၊ အဲဒါကြောင့်မို့ မတိုက်ခိုက်ခဲ့ဘူး”လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်နိုင်ပြီလို့ ဆိုပေမယ့် PNLA ဘက်ကတော့ ဆီဆိုင်မြို့ဟာ လက်ရှိအချိန်အထိ စစ်ပွဲဇုန်အဖြစ်ရှိနေဆဲဖြစ်ပြီး မြို့တွင်းကို အင်အားထပ်မံဖြည့်တင်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း ထိ တွေ့တိုက်ပွဲ ဖြစ်နေဆဲပဲလို့ပြောပါတယ်။

ဒါ့ကြောင့် အရပ်သားတွေအနေနဲ့ အခုကာလမှာ ဆီဆိုင်မြို့ထဲ ဝင်ရောက်မယ်ဆိုရင် စစ်ကောင်စီတပ်ရဲ့ လူသား ဒိုင်းအဖြစ် အသုံးပြု ခြင်းခံရနိုင်သလို မလိုလားအပ်တဲ့ ထိခိုက်မှုတွေလည်း ဖြစ်လာနိုင်တာကြောင့် ပအိုဝ်း အမျိုး သား လွတ် မြောက်ရေးတပ်မတော်ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့ အသိပေးထားပါတယ်။

“ အခုဆီဆိုင်မြို့တွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေဖြစ်ပါတယ်၊ မြို့ဝင်းထဲကို စစ်ကောင်စီ စစ်ကြောင်း ထိုး လာတာရှိတယ်၊ စစ်ကောင်စီက မြို့ကို ပြန်သိမ်းနိုင်တယ်ဆိုတာတော့ မဟုတ်ပါဘူး” လို့ PNLAပြောခွင့်ရ ခွန်ရိန်းယံက ထပ်ပြောပါတယ်။

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့အကြားမှာ တည်ရှိတဲ့ ဆီဆိုင်မြို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အ ခြေခံဥပဒေအရ ပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသတခုဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်ထိုးထားပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ PNLO/PNLA ရဲ့ လက်နက်ယာဉ်တန်းကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)က ဖမ်းဆီးခဲ့ရာကနေ ထိတွေ့တိုက်ပွဲစတင်ခဲ့ပါတယ်။