တိုက်ပွဲမရှိတဲ့ ရခိုင်တောင်ပိုင်းမြို့နယ်အချို့မှာ စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

မတ်၊ ၃၁
 
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနဲ့ တောင်ကုတ်မြို့နယ်တို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေ၊ ရွာအနီးဝန်းကျင်တွေကို ပစ်ခတ်နေတာကြောင့် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေဟာ တောင်ကုတ်နဲ့ သံတွဲမြို့နယ်အစပ်မှာရှိတဲ့ ချောင်းသုံးခွ၊ ဂျီ၀၊ ဒေါ်မြ၊ ရေကောက်စတဲ့ရွာတွေနဲ့ အနီးဝန်းကျင်တွေမှာ ကျရောက်ပေါက်ကွဲမှုတွေရှိနေပြီး အဲဒီရွာတွေမှ ရွာသားတွေ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
 
“မနေ့က ရေကောက်ရွာထဲမှာ တလုံးကျတယ်၊ နေဗီကနေပစ်နေတာ တပတ်လောက်ဆက်တိုက်ရှိနေပြီ၊ ဂျက်လေယာဉ်နဲ့လည်း ပစ်တယ်၊ ညဖက် ဒရုန်းတွေလည်း ပျံတယ်၊ တိုက်ပွဲအတွေ့အကြုံလည်း မရှိတော့ ကြောက်နေရတယ်၊ ပြေးသူတွေ ပြေးနေကြပြီ”လို့ သံတွဲ-တောင်ကုတ်အစပ်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသတကျော့ပြန်တိုက်ပွဲတွေဖြစ်လာပြီးနောက်မှာ သံတွဲ၊ တောင်ကုတ်အပါအဝင် တောင်ပိုင်းမြို့နယ်တွေမှာ ရေတပ်အင်အားဖြည့်တင်းတာတွေလုပ်ခဲ့ပြီး သံတွဲမြို့နယ် ဆင်ခေါင်း၊ ခမောင်းတုန်းရွာတို့အနီးရှိ ပင်လယ်ပြင်မှာ စစ်ရေယာဉ်တွေ တိုးချထားခဲ့တယ်လို့ ဆိုပါတယ်။
 
အခုပစ်ခတ်နေတဲ့လက်နက်ကြီးကျည်တွေဟာလည်း ဆင်ခေါင်း၊ ခမောင်းတုန်းရွာတို့ဘက်ကနေ လာတာလို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီလိုစစ်ရေယာဉ်ကနေ လှမ်းပစ်တဲ့အပြင် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့နဲ့ လာရောက်ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“မနေ့ညက ဂျက်ပျံတာ ကြားလိုက်တယ်၊ ပစ်တော့ မပစ်ခဲ့ဘူး၊ ၂၀ရက် နေ့ကဆို ဂျက်နဲ့ လာပစ်တာ ရွာသားတွေအများကြီး ပြေးရတယ်၊ ရွာနားတွေ၊ တောင်တန်းတွေကို ပစ်တယ်၊ သံသယနဲ့ ရမ်းပစ်နေတာထင်တယ်၊ ညလည်း ကောင်းကောင်းမအိပ်ရဘူး”လို့ ဒေသခံနောက်တဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်နေတဲ့ အဲဒီရွာတွေဟာ သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အနီးဝန်းကျင်ရွာတွေဖြစ်ပြီး သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းနဲ့ ဆယ်မိုင်ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။
 
လက်နက်ကြီးပစ်ခတ်နေတဲ့အဲဒီရွာတွေအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်တာအချို့ရှိပေမယ့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
 
သံတွဲနဲ့ တောင်ကုတ်မြို့နယ်အစပ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာအပြင် လူနေရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်တာ၊ တပ်စခန်းတိုးချတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဟာ တောင်ကုတ်မြို့အနီးပတ်လည်ရှိ တောင်ကုန်းတွေနဲ့ အဝင်အထွက်လမ်းတွေမှာ တပ်စခန်းသစ်တွေ တိုးချထားသလို သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းနေရာမှာလည်း လက်နက်ကြီးတွေ အထိုင်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ရေအား(လျှပ်စစ်)ကို လက်နက်ကြီးတွေပို့ထားတာ တပတ်ကျော်လောက်ရှိပြီ၊ စစ်အင်အားလည်း မနည်းလောက်ဘူး၊ ချထားတာ၊ ညဖက်တွေမှာ ကားနဲ့ ပို့ပို့နေတယ်၊ အဲဒီရေအားကနေပါ လှမ်းပစ်နေရင် ဒီဘက်ရွာတွေ နေလို့ ရတော့မယ်မထင်ဘူး”လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။
 
AA ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာ စခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲလေးလကျော်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပြည်နယ်အလယ်ပိုင်းရှိ ရမ်းဗြဲမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားပါတယ်။
 
ဒါ့အပြင် ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တောနဲ့ တောင်ပိုင်းရှိ တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တို့မှာ ထိုးစစ်တွေ တပြိုင်တည်းလုပ်နေပြီး တောင်ကုတ်၊ သံတွဲမြို့နယ်တို့မှာလည်း နှစ်ဖက်ထိတွေ့မှုတွေ စရှိလာနေတာဖြစ်ပါတယ်။
 
ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုမရှိသေးဘဲ စစ်ကောင်စီက အပြည့်အ၀ထိန်းချုပ်နိုင်သေးတဲ့မြို့နယ်ဟာ တောင်ပိုင်းအစွန်ဆုံး ဧရာ၀တီတိုင်းနဲ့အစပ် ဂွမြို့နယ်နဲ့ မာန်အောင်ကျွန်းပေါ်ကမာန်အောင်မြို့နယ်တို့သာ ကျန်တော့တာပါ။
 
ဓာတ်ပုံ – APM
ပုံစာ – မြေပုံမြို့နယ် ညောင်ကန်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဥ်