မလွှဲတောင်အနီး လေကြောင်းတိုက်ခိုက်မှုမှာ PDF တပ်ခွဲမှူးတဦးကျဆုံး

မတ်၊ ၃၁
 
တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့မလွှဲတောင်အနီး စစ်ကောင်စီတပ်ရဲ့မတ်လ၂၉က် လေကြောင်းတိုက်ခိုက်မှုအတွင်း PDF တပ်ခွဲမှူးတဦးကျဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
 
ကျဆုံးသူဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်းပိုင်စစ်ဒေသ၊ ဒေါနစစ်ကြောင်း၊ တပ်ခွဲ (၇)ရဲ့ တပ်ခွဲမှူး ရဲဘော်မိုးသီးဖြစ်ပြီး အသက် ၄၀ ကျော်အရွယ်လို့ သိရပါတယ်။
 
“နှစ်ဖက်တိုက်ပွဲဖြစ်ကြတာမဟုတ်ဘူး၊ လေကြောင်းကနေ ဗုံးလာကြဲတဲ့အချိန် ထိသွားတာ၊ အလောင်းတော့ ပြန်ရတယ်” လို့ ရဲဘော်မိုးသီးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
မလွှဲတောင်စစ်ဆေးရေးဂိတ်နဲ့ ကလိန်အောင်ရွာကြားရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်က ရေဖြူမြို့နယ်၊ ရားဖူးရွာအနီး အခုလို ကျဆုံးခဲ့တာလို့လည်းသိရပါတယ်။
 
စစ်ကောင်စီတပ်ဘက်ကတော့ အဲဒီရာဖူးကျေးရွာနဲ့ အနီးတဝိုက်ကို မတ်လ ၂၉ ရက်၊ နေ့လယ် ၂ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာ၊ ရဟတ်ယာဥ်တို့နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုကြပါတယ်။
 
အဲဒီလို လေကြောင်းတိုက်ခိုက်မှုမလုပ်ခင်ကတော့ တနင်္သာရီတိုင်း အဝင်မှာရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို PDF တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
ဒေါနစစ်ကြောင်းကတော့ ရဲဘော်မိုးသီးဟာ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် နယ်မြေစိုးမိုးမှုလုပ်ဆောင်နေစဥ် ကျဆုံးခဲ့တာလို့လည်း မနေ့ကထုတ်ပြန်ထားပါတယ်။
 
မွန်မြည်နယ်၊ ရေးမြို့နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကြားက အဲဒီ အမှတ် (၈) လမ်းပိုင်းမှာ ဒေါနစစ်ကြောင်းအပါအဝင် တော်လှန်ရေးတပ်တွေက ခရီးသွားယာဥ်တွေကို စစ်ဆေးတာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ မင်းသားရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်တဲ့တိုက်ပွဲမှာ ဒေါနစစ်ကြောင်းက တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – ဒေါနစစ်ကြောင်း
ပုံစာ – ဒေါနစစ်ကြောင်း တပ်ဖွဲ့ဝင်တဦးရဲ့ စျာပန (ပုံအဟောင်း)