အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM လုပ်ပြီး ပူးပေါင်းရင်ကြိုဆိုမယ်လို့ မန္တလေး PDF ထုတ်ပြန်

Photo – MDY PDF
နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်တဝိုက်က တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ CDM လုပ်ပြီး ပူးပေါင်းလာရင်ကြိုဆိုမှာဖြစ်တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဩဂုတ် ၃၁ ရက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံတပ်တွေက လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တာကြောင့် ဩဂုတ် (၂၄) ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ဦး ဝန်းကျင်သေဆုံးပြီး ဒဏ်ရာရသူတွေလည်းများတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဩဂုတ် (၂၉) ရက်နဲ့ (၃၀) ရက်တွေမှာ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက်က (၂၀) ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ (၄၀) ဝန်းကျင်အထိရှိနိုင်တယ်လို့လည်း မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိလည်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ပိတ်ဆို့ ထိုးစစ်ဆင်နေဆဲဖြစ်ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်က ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။
“စစ်ပွဲကတော့ ဆက်ဖြစ်ဖို့ပဲရှိတယ်၊ အခု စခတွေဘက်က အင်အား ၅၀၀ လောက်နဲ့တက်လာတယ်၊ စစ်ကောင်စီ ဘက်ကလည်းနောက်မဆုတ်ဘူး၊ ပ.က.ဖ ဘက်ကလည်းနောက်မဆုတ်ဘူးဆိုတော့ စစ်ရေးကတော့ တင်းမာလာဖို့ပဲရှိပါတယ်” လို့ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် အနီးတဝိုက်ကျေးရွာက ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။