ကသာမှာ CDM လုပ်တဲ့ ရဲနဲ့စစ်သား ၆၀ ကျော်ပြီ

Photo – ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း CDM လုပ်တဲ့ ရဲနဲ့စစ်သား ၆၀ ကျော်ရှိပြီလို့ သိရပါတယ်။
ကသာမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း ရဲနဲ့စစ်သား ၆၁ ဦး CDM ဆက်တိုက်လုပ်လာခြင်းဖြစ်တယ်လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မေလ ၁၉ ရက်နေ့မှာ ခမရ ၃၈၅ တပ်ရင်းက တပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ကသာမြို့နယ် ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့က CDM သူရဲကောင်းအဖြစ် လက်ခံခဲ့ပါတယ်။
မေလ ၁၆ ရက်နေ့ကလည်း ကသာမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ ခမရ၄၁၆ တပ်ရင်းက တပ်သား ၄ ဦးလည်း ထွက်ပြေးလွတ်မြောက်ကာ CDM ပြုလုပ်လာတယ်လို့ ထုတ်ပြန်ပါတယ်။
ကသာမြို့နယ်နဲ့ အနီးဝန်းကျင်မြို့တွေမှာ CDM လုပ်တဲ့စစ်သားတွေဟာ စစ်ကြောင်းထွက်နေတဲ့အချိန် ပြုလုပ် ကြတာများတယ်လို့ ကသာမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
‘သူတို့တပ်ရင်းထဲကနေ ထွက်လာပြီး CDM လုပ်တာမျိုးမကြားဖူးဘူး။တပ်ရင်းထဲရောက်သွားရင် အပြင်ထွက်ဖို့ မလွယ်လို့ စစ်ကြောင်းထွက်မှ ထွက်ပြေးကြတာထင်တယ်’လို့ သူကပြောပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို လက်မခံတော့တဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်ရှေ့တန်းစခန်းတွေနေ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူတွေကနေတစ်ဆင့် ဆက်သွယ်ကာ CDM လုပ်လာကြတယ်လို့သိရပါတယ်။