မုန်တိုင်းငယ်အား လျော့သွားပေမယ့် ကရင်နဲ့မွန်မှာ နေရာကွက်မိုးကြီးနိုင်

ဒီကနေ့ မေလ ၂၁ ရက်၊ မနက်အစောပိုင်း တိုင်းထွာချက်အရ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရှမ်းရွာသစ်အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အ‌ရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အ‌ရှေ့မြောက်ဘက်ကို ဆက်‌ရွေ့လျားပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်းအားလျော့သွားမယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် မေလ ၂၀ ရက်နဲ့ ဒီနေ့ မေလ ၂၁ ရက်တွေမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တလျောက်မှာ လေပြင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် မော်လမြိုင်၊ ချောင်းဆုံ၊ ရေးနဲ့ မြဝတီမြို့တွေမှာ သစ်ပင်တွေလဲတာ၊ လမ်းမီးတိုင်တွေလဲကျတာအပြင် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းမှာ မုတ်သုံလေအားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ သိရပါတယ်။
မနက်ဖြန်မနက်ထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။