စီရော်နယ်ဒိုကြောင့် ရှယ်ယာစျေးတွေတက်လာချိန်မှာ ရှယ်ယာ ပေါင် ၁၃၇ သန်းဖိုး ရောင်းချတော့မယ့် ဂလေဇာမိသားစု

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

မန်ယူအသင်းဟာ စီရော်နယ်ဒိုပြန်ရောက်လာပြီးကတည်းက အသင်းရဲ့ ရှယ်ယာစျေးတွေ တရိပ်ရိပ်တက်ခဲ့ပြီး အခုအခါမှာ ဂလေဇာမိသားစုကနေ ရှယ်ယာ ပေါင် ၁၃၇ သန်းတန်ကြေးရှိတဲ့ အစုရှယ်ယာတွေကို ရောင်းချတော့မယ်လို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စီရော်နယ်ဒိုမရောက်ခင် မန်ယူအသင်းရဲ့ အစောပိုင်း ရှယ်ယာစျေးဟာ အကျဘက်မှာ ရှိနေပေမယ့် စီရော်နယ်ဒို ရောက်လာပြီးနောက်မှာတော့ အတက်ဘက်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဒါကြောင့် ဂလေဇာမိသားစုအနေနဲ့ ရှယ်ယာစျေးတွေတက်နေတဲ့ အခြေအနေမှာပဲ အသင်းရဲ့ အစုရှယ်ယာတွေကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

ဩဂုတ်လမှာ စီရော်နယ်ဒိုမန်ယူကိုရောက်ပြီး မန်ယူအသင်းရဲ့ စတော့ ရှယ်ယာတန်းကြေးဟာ ပေါင် ၁၅.၇ သန်းလောက်အထိ ခုန်တက်လာခဲ့တာပါ။

ဂလေဇာမိသားစုဟာ လက်ရှိမှာ အစုရှယ်ယာ ၉.၅ သန်းကို ထုတ်ရောင်းဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လလောက်ကလည်း ပေါင် သန်း ၇၀ တန်ဖိုးရှိတဲ့ ရှယ်ယာတွေကို ရောင်းချခဲ့ပါတယ်။

ဂလေဇာမိသားစုအနေနဲ့ အခုအခါမှာ ရှယ်ယာတွေကို ထုတ်ရောင်းနေပေမယ့်လည်း မန်ယူအသင်းကို ပိုင်ဆိုင်ထားတဲ့ သူတို့ရဲ့ ရှယ်ယာကတော့ ၆၉ ရာခိုင်နှုန်းလောက်ထိကျန်ရှိနေသေးတာပါ။