စီရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ် အိမ်ပြန်ခရီးဟာ လူငယ်တွေအတွက် အကျိုးသက်ရောက်မှု ရှိတယ်လို့ ဂန္ထဝင်နည်းပြ ဖာဂူဆန်ဖွင့်ဟ

၁၂၊ စက်တင်ဘာလ၊ ၂၀၂၁။

စီရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ်အိမ်အပြန်ခရီးနဲ့ ပတ်သက်လို့ မန်ယူနည်းပြဟောင်း ဖာဂူဆန်က အသင်းရဲ့ လူငယ်တွေအတွက် များစွာ အကျိုးဖြစ်တယ်လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။

မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ အသက် (၃၆) နှစ် အရွယ် ပေါ်တူဂီသားဟာ ကွင်းအတွင်း လူငယ်တစ်ယောက်လို နိုင်ပွဲဆာလောင်မှုအပြင် ဂိုးသွင်းအားတွေကိုပါ ပြသပြီး မန်ယူပရိသတ်တွေအတွက် အသုံးတော်ခံခဲ့ပါတယ်။

မန်ယူကို စီရော်နယ်ဒို ရောက်ရှိလာတာဟာ များစွာအကျိုးဖြစ်စေပြီး လူငယ်တွေအတွက် အတုယူစရာအဖြစ် သက်ရောက်မှုတွေ ရှိလာမှာဖြစ်တယ်လို့ ဂန္ထဝင်နည်းပြ ဖာဂူဆန်က ပြောခဲ့တာပါ။ ဖာဂူဆန်ဟာ စီရော်နယ်ဒို အိုးထရက်ဖို့ဒ်ကို ပြန်လည် ရောက်ရှိလာတာမှာ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။

ပုဂ္ဂိုလ်ရေးရင်းနှီးမှုတွေကို အခွင့်ကောင်းယူကာ ဖာဂူဆန်အနေနဲ့ ပေါ်တူဂီသားကို ဖုန်းခေါ်ဆိုမှုတွေပြုလုပ်ပြီး မန်ယူကို ပြန်လာဖို့ သိမ်းသွင်းခဲ့ပါတယ်။ အားကစားအသိုင်းအဝိုင်းမှာလည်း ဒီအဖြစ်အပျက်ဟာ အတော့်ကို လှုပ်ခတ်ခဲ့ရပါတယ်။

Daily Mail သတင်းဌာရဲ့ ဖော်ပြချက်အရ “မန်ယူအတွက် သိပ်ကို ကြီးမြတ်နဲ့ နေ့တစ်နေ့ပါပဲ”လို့ စီရော်နယ်ဒို မန်ယူကို ပြန်ရောက်လာတာနဲ့ ပတ်သက်လို့ နယူးကာဆယ်နဲ့ ပွဲမတိုင်ခင်မှာ ဖာဂူဆန်က ပြောခဲ့တာပါ။

အရည်အသွေးရှိတဲ့ ကစားသမားဟောင်းတစ်ယောက် အသင်းကို ပြန်ရောက်လာတာကြောင့် ဖာဂူဆန်ဟာ တခြားသူတွေလိုပဲ စိတ်လှုပ်ရှားခဲ့ပါတယ်။ “မျှော်လင့်ချက်တွေနဲ့ မနက်ကို နိုးထခဲ့ရတယ်” လို့လည်း ဆိုပါတယ်။

ဖာဂူဆန်ရဲ့ မျှော်လင့်ချက်တွေအပြင် တစ်ကမ္ဘာလုံးက အသင်းပရိသတ်တွေအတွက် မနေ့က နယူးကာဆယ်နဲ့ ပွဲဟာ စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ်။ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ အသက်အရွယ်နဲ့ မလိုက်အောင် စီရော်နယ်ဒိုတစ်ယောက် ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး (၂) ဂိုး သွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ ကစားအားနဲ့ နိုင်ပွဲဆာလောင်မှုတွေဟာ အသင်းအတွက် သက်ရောက်မှု ရှိခဲ့ပြီး လေးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားအပြီး ရမှတ် ၁၀ မှတ်ရရှိထားပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားထိပ်မှာ မန်ယူအသင်းက ရပ်တည်နိုင်ခဲ့ပါတယ်။

လာမယ့် ကြားရက် ၁၄ ရက်နေ့ အင်္ဂါညမှာတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကို ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းနဲ့ မန်ယူအသင်းက ကစားရမှာပါ။ ချန်ပီယံလိဂ် အုပ်စု F မှာတော့ မန်ယူအသင်းဟာ အတ္တလန္တာအသင်း၊ ဗီလာရီးရဲလ်အသင်း၊ ယန်းဘွိုင်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။