ဒီဒေးစပြီလို့ ဆိုးလ်ရှားကို သတိပေးလိုက်တဲ့ ဖာဒီနန်

၁၅၊ စက်တင်ဘာလ၊ ၂၀၂၁။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ မန်ယူအသင်းက ယန်းဘွိုင်းအသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်အပြီး ဆိုးလ်ရှားအတွက် ဒီဒေးစပြီလို့ သတိပေးလိုက်ပါတယ်။

မန်ယူနောက်ခံလူ ဝမ်ဘစ်ဆာကာရဲ့ အနီကတ်အမှားကနေ မန်ယူအသင်း ရှုံးပွဲဆီကို ဦးတည်သွားခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း အားနည်းမှုတွေကိုလည်း အဲ့ဒီပွဲစဉ်မှာ တွေ့မြင်ခဲ့ရတာပါ။

 

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က “ထိပ်ဆုံးလေးသင်းက နည်းပြတွေအားလုံးထဲမှာ ဆိုးလ်ရှားက သူ့ရဲ့အဆင့်အတန်းကို ကောင်းကောင်း မပြနိုင်သေးပါဘူး”လို့ ပြောပါတယ်။

အံ့အားသင့်စရာကောင်းတဲ့ အပြောင်းအရွှေ့အပြီး အသင်းရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ချိန်မှာ ချန်ပီယံလိဂ် အုပ်စုအဖွင့် ရှုံးပွဲကြုံခဲ့တဲ့ ဆိုးလ်ရှားအတွက် “ဒီဒေးစပါပြီ”လို့ ဖာဒီနန်က ပြောကြားခဲ့တာပါ။

ရှိနေတဲ့ လူစာရင်းနဲ့ ဆုဖလားတွေကို ဆိုးလ်ရှား မယူနိုင်ဘူးဆိုရင် အခြားနည်းပြတွေလိုပဲ သူ့ရဲ့ ခေါင်းဟာ စဉ်းတီတုံးပေါ်မှာပဲ ရှိမှာဖြစ်တယ်လို့ ဆိုးလ်ရှားရဲ့ နည်းပြရာထူးအတွက် မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က သတိပေးစကားဆိုခဲ့တာပဲဖြစ်ပါတယ်။