Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းမှာ NUGရဲ့ ဒုဝန်ကြီးနဲ့ ကချင်တိုင်းရင်းသူတစ်ဦးပါဝင်

၁၅၊ စက်တင်ဘာလ၊ ၂၀၂၁။

ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သတ်မှတ်တဲ့ ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံးနဲ့ ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ်တစ်ရာစာရင်းမှာ မြန်မာနိုင်ငံက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်နဲ့ လူငယ်တက်ကြွလှုပ်ရှားသူ ဒေါ်အက်စတာဇေနောတို့ကို ရှေ့ဆောင်ဦးရွက်ပြုသူများ (Pioneers) ကဏ္ဍမှာ ရွေးချယ်ဖော်ခဲ့ပါတယ်။

ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Time မဂ္ဂဇင်းက သူတို့နှစ်ဦးကို အခုလိုအသိအမှတ်ပြုခြင်းဟာ မြန်မာ့အရေးအတွက် များစွာအထောက်အကူပြုမည်လို့ မျှော်လင့်ကြောင်း ဒေါ်အက်စတာဇေနောက The 74 Media မှာပြောကြားထားပါတယ်။

“အခုလို ကျမတို့ရဲဘော်ရဲဘက်နှစ်ဦးကို Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်းသတ်မှတ်ခြင်းဟာ ယနေ့မြန်မာနိုင်ငံအခင်းအကျင်းကို နိုင်ငံတကာအနေနဲ့ စိတ်ဝင်စားတယ်၊ ဖော်ပြစေချင်တယ်လို့ မှတ်ယူပါတယ်။

နောက်ပြီး ဒီနေ့မြန်မာနိုင်ငံပြည်သူလူထုကြုံတွေ့နေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာရှေ့ မီးမောင်းထိုးပြရာရောက်တဲ့အတွက် – မြန်မာနိုင်ငံရဲ့ ရှေ့ဆက်နိုင်ငံရေး၊ စစ်ရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေမှာ တစ်စုံတစ်ရာအထောက်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ဒေါ်အက်စတာဇေနောကပြောပါတယ်။

ရှမ်းနီလူငယ်အမျိုးသမီး ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်နဲ့ ကချင်တိုင်းရင်းသူ ဒေါ်အက်စတာဇေနောတို့ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းပြီးနောက်ပိုင်း ၅ ရက်အကြာမှာ ရန်ကုန်မြို့မှာ ပထမဆုံး အကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း ဦးဆောင်ဆန္ဒပြခဲ့ကြသူတွေ ဖြစ်ပါတယ်။

Source- The 74 Media