ကုန်ကားပုံဟန်ဆောင်လာတဲ့ စစ်အုပ်စုရဲ့ကားတစ်စင်း မိုင်းထိ

၁၆၊ စက်တင်ဘာလ၊ ၂၀၂၁။

ကုန်တင်ကားပုံဟန်ဆောင်ပြီးတော့ တနိုင်းကနေ တရုန်ဘက်ကို စစ်သားတွေတင်ဆောင်လာတဲ့ စစ်အုပ်စုရဲ့ စစ်ကားတစ်စင်းကို KIAက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင် ထိခိုက်သေဆုံးမှုများပြား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၆ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်က စစ်အုပ်စုဝင် ၃၀ခန့်ပါဝင်တဲ့ စစ်ကားတစ်စင်းဟာ ကုန်တင်ကားပုံဟန်ဆောင်ပြီး တရုန်ဘက်ကို မောင်းနှင်လာစဉ် KIAက တဝမ် (Ta Wang Mare) နဲ့ ပန္နက် (Pa Nep Mare) ကျေးရွာကြားက တံတားအနီးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“အခု မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ကားက ဒီမနက်ဘဲ တနိုင်းဘက်ကတက်လာတဲ့ ကားဖြစ်တယ်လို့သိရတယ်။ အဲ့ကားထဲမှာ စစ်သားတွေ ၃၀ ကျော်လောက်ပါတယ်။ KIA က သိပြီး မိုင်းခွဲတိုက်ခိုက်လိုက်တယ်။ မိုင်းခွဲခံရတဲ့ ဒိုင်နာကားက တစ်စစီ ပျက်စီးသွားပြီ။ ကားပေါ်မှာပါတဲ့ စစ်သားတွေလည်း ထိခိုက်သေဆုံးတာတွေလည်း ပါနိုင်တယ်။ အသေးစိတ်က ကျနော်တို့လည်း မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တနိုင်း-တရုန်ကားလမ်းမတလျှောက်မှာ KIAနဲ့ အကြမ်းဖက်စစ်အုပ်စုတို့ စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။

Source- KNG