နမ့်ဖတ်ကာမှာ တိုက်ပွဲဆက်ဖြစ်နေ၊ ခလရ ၁၂၃ ကို KIA မသိမ်းနိုင်သေး

ဇန်နဝါရီ ၊ ၁၈

မူဆယ်-လားရှိူး ကားလမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

နမ့်ဖတ်ကာရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ) ၁၂၃ ကို KIA က သိမ်းပိုက်နိုင်လိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ် အခုထိ မသိမ်းပိုက်နိုင်သေးဘူးလို့လည်း သိရပါတယ်။

“မသိမ်းနိုင်သေးလို့ပဲ တိုက်ပွဲတွေဆက်ရှိနေသေးတာပေါ့။ နမ့်ဖတ်ကာတဝိုက်မှာက အဲစခန်း(ခလရ ၁၂၃)က အကြီးဆုံးပဲ။အခုထိ စခန်းမကျသေးဘူး ကြားတယ်” လို့ နမ့်ဖတ်ကာရွာကနေ တိမ်းရှောင်လာသူ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကလည်း ခလရ ၁၂၃ ကို မသိမ်းပိုက်နိုင်သေးကြောင်း Myanmar Now သတင်းဌာနကို အတည်ပြုပြောကြားထားပါတယ်။

တပ်ရင်း ကာကင်းစခန်းတချို့ကိုသာ သိမ်းပိုက်ထားနိုင်ပြီး တပ်ရင်းတခုလုံးကို မသိမ်းပိုက်နိုင်သေးတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကတော့ နမ့်ဖတ်ကာဘက် ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစီးကို KIA က ပစ်ချနိုင်ခဲ့ပါသေးတယ်။

“ရွာထဲ အိမ်တွေမှာ အိမ်စောင့်ကျန်ခဲ့တဲ့လူတွေတောင် ထွက်ပြေးတဲ့လူက ထွက်ပြေး၊ ပုန်းတဲ့လူကပုန်းပဲ။ ထိခိုက်ဒဏ်ရာ ရတာတွေလည်းရှိတယ်” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

နမ့်ဖတ်ကာရွာတဝိုက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်ကစလို့ KIA က ထိုးစစ်ဆင်နေတာဖြစ်ပြီး သုံးပတ်ခန့်အကြာ တိုက်ပွဲအတွင်း ရွာခံ ကိုးဦးထက်မနည်းသေဆုံးထားသလို နေအိမ်လည်း ရာချီပျက်စီးခဲ့တယ်လို့ သိရပါတယ်။

KIA က အခုထိ မသိမ်းပိုက်နိုင်သေးတဲ့ ခလရ ၁၂၃ ကို ကွပ်ကဲတဲ့ သိန္နီအခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ) ၁၆ ကိုတော့ ဇန်နဝါရီ ၇ ရက်ကတည်းက မဟာမိတ်တပ်တွေ သိမ်းပိုက်ထားပေမယ့် ခလရ ၁၂၃ က တပ်ဖွဲ့ဝင်တွေကတော့ အခုထိ လက်နက်မချသေးတာပါ။

နမ့်ဖတ်ကာရွာရဲ့ တောင်နဲ့မြောက် မိုင်သုံးဆယ်စီလောက်အကွာမှာတော့ တအာင်းတပ် TNLA အပါအဝင် မဟာမိတ်တပ်တွေထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိသလို မိုင်နှစ်ဆယ်ကျော်အကွာ အနောက်မြောက်ဘက်က နမ့်ခမ်းမြို့ကိုလည်း TNLA ကပဲ ထိန်းချုပ်ထားပါတယ်။

အဲဒါကြောင့် အဲဒီနမ့်ဖတ်ကာရွာအနီး တိုက်ပွဲတွေမှာတော့ လေကြောင်းပစ်ကူပေးတာကလွဲလို့ စစ်ကောင်စီတပ်က စစ်ကူစေလွှတ်ပေးနိုင်တာ မရှိဘူးလို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ယာယီအပစ်ရပ်ဖို့သဘောတူထားပေမယ့် ညီနောင်မဟာမိတ်တပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ အနီးတဝိုက်မှာတော့ KIA နဲ့ စစ်ကောင်စီတပ်တွေကြား အခုလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတာဖြစ်ပါတယ်။

ပုံစာ-နမ့်ဖတ်ကာ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံတခုကိုတွေ့ရစဉ်။