မန်ယူနဲ့အင်္ဂလန်အသင်းအတွက် ကစားပေးနေချိန်မှာ စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဝိန်းရွန်းနီဖွင့်ဟ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ဒါဘီကောင်တီနည်းပြ ဝိန်းရွန်းနီက သူ့အနေနဲ့ အသင်းဟောင်း မန်ယူအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးနေချိန် ကာလအတွင်းမှာ စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အဲ့ဒီကာလတွေမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖိအားတွေ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေလည်း ရယူခဲ့ရတယ်လို့ သူကဆိုပါတယ်။

တိုက်စစ်မှူး ဝိန်းရွန်းနီဟာ ကစားသမားဘဝမှာ မန်ယူအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ စံချိန်တင် သွင်းဂိုးရှင်တစ်ယောက်ဖြစ်ခဲ့သလို အသက် ၁၇ နှစ်ဆိုတဲ့ ငယ်ရွယ်တဲ့အချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တာကြောင့် သူ့အတွက်လည်း ထူးခြားမှုဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၆ ခုနှစ် ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်ဟာ သူ့အတွက် ဖိအားဖြစ်စေခဲ့သလို အဖြစ်အပျက်အတွက် အဝတ်လဲခန်းထဲမှာ တစ်ယောက်တည်း ထိုင်ပြီး ခံစားခဲ့ရတယ်လို့ ရွန်းနီက ဖွင့်ဟခဲ့တာပါ။

ရွန်းနီက “လူငယ်ကစားသမားတစ်ယောက်အနေနဲ့ သူ့ဘဝမှာ အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ အကြောင်းအရာတွေအများကြီး ပြောတဲ့အခါ သီးသန့်ပဲနေဖြစ်ခဲ့တယ်”လို့ သူက ပြောပါတယ်။

ရွန်းနီရဲ့ ကစားသမားဘဝ ကြုံတွေ့ခဲ့ရတဲ့ အနိမ့်အမြင့်အတက်အကျတွေကို လာမယ့်နှစ်အစောပိုင်းမှာ မှတ်တမ်းရုပ်ရှင်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ဒီထဲမှာ ရွန်းနီရဲ့ ကစားသမားဘဝ အစုံအလင်ကို ပရိသတ်တွေအနေနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

 

Delta News Agency

Read Previous

တင့်ကားအပါအဝင် စစ်အင်အားအများအပြား ဖလမ်းသို့ရောက်လာ

Read Next

ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ