လမ်းပတ်ကို မန်နေဂျာ ရာထူးက ထုတ်ပယ်လိုက်တဲ့ အဲဗာတန်

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် အဲဗာတန်ဟာ အသင်းမန်နေဂျာ ဖရန့်ခ် လမ်းပတ်ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

 အင်္ဂလန်နဲ့ ချဲလ်ဆီး ဂန္ထဝင် ကစားသမားဟောင်းဟာ မန်နေဂျာ ဘဝမှာတော့ အောင်မြင်တဲ့ ဖြတ်သန်း ရပ်တည်မှုမျိုး ပိုင်ဆိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဲဗာတန် မန်နေဂျာ ရာထူးက အခြေအနေ ခပ်ယဲ့ယဲ့ ဖြစ်နေခဲ့ရာက ဝက်စ်ဟမ်း ယူနိုက်တက်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီးတဲ့ အခါမှာတော့ အသင်းက သူ့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။

 လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအရ အဲဗာတန်ဟာ ဒုတိယ ဘိတ်ဆုံးနေရာကို ရောက်နေပြီး ပွဲပေါင်း ၂၀ ကစားရာမှာ ၃ ပွဲသာ နိုင်ခဲ့သလို ၁၁ ပွဲထိ ရှုံးနိမ့်ထားပါတယ်။

 အဲဗာတန် အသင်းပိုင်ရှင် ဖာဟက်ဒ် မိုရီရှီဟာ ရှားပါး အခြေအနေအဖြစ် ဝက်စ်ဟမ်းနဲ့ ပွဲကို လူမြင်ကွင်းရှေ့ ထွက်လာပြီး လာရောက် ကြည့်ရှုခဲ့ပါတယ်။ လမ်းပတ်ကို ထုတ်ပယ်ပြီးချိန်မှာတော့ မိုရီရှီက ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ အသင်းရဲ့ လည်ပတ်မှုကို အဓိက တာဝန်ယူနေသူတွေက လုပ်ဆောင်ခဲ့တာလို့ ပြောကြားသွားပါတယ်။

 အခုရာသီ ရလဒ်တွေ ဆိုးရွားနေတာနဲ့ ပတ်သက်လို့ လမ်းပတ်အပေါ် ဝေဖန်မှုတချို့ ရှိခဲ့ပေမယ့် ပရိသတ် အများစုကတော့ အသင်း တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက် အမှားအယွင်းတွေကို အဓိက ပစ်မှတ်ထား ထိုးနှက်နေကြပါတယ်။

 လောလောဆယ်မှာတော့ အဲဗာတန်ဟာ မန်နေဂျာသစ် တစ်ဦးကို ရှာဖွေနေပြီး ဝုလ်ဗ်နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူ နူနို အက်စ်ပီရီတို ဆန်းတို့စ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ သူဟာ လောလောဆယ်မှာ ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ် အယ်လ်-အစ်တီဟတ်ကို ကိုင်တွယ်နေပါတယ်။ ဒါ့အပြင် ဘန်လေ အသင်းက ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေတဲ့ ရှောင်ဒိုင်ချီဟာလည်း အဲဗာတန်ရဲ့ မန်နေဂျာသစ် စောင့်ကြည့် စာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။