ပိုလန် လူငယ်ခံစစ်မှူး ကီဝီရော်ကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ် အသင်းဟာ လူငယ် ခံစစ် ကစားသမား ဂျာဂွတ်ဘ် ကီဝီရော်ကို အီတလီ စီးရီးအေကလပ် စပါဇီယာကနေ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

 အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ပိုလန် လက်ရွေးစင် ဗဟိုနောက်ခံလူဟာ စီးရီးအေ ပြင်ပမှာ လူသိနည်းတဲ့ ကစားသမား ဖြစ်ပေမယ့် အာဆင်နယ်ရဲ့ သွေးသစ်ရှာဖွေ စုဆောင်းရေး ကင်းထောက်တွေက သေချာစောင့်ကြည့်ပြီး ခေါ်ယူဖို့ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

 အာဆင်နယ်ဟာ ကီဝီရော်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ပေးချေခဲ့ရပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အခုရာသီမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အာဆင်နယ်ဟာ အခုလက်ရှိ ဆောင်းရာသီ စျေးကွက်မှာ ဒုတိယမြောက် ကစားသမားသစ်တစ်ဦး ခေါ်ယူ အားဖြည့်လိုက်တာ ဖြစ်ပါတယ်။ ကီဝီရော် မတိုင်ခင်တုန်းက အာဆင်နယ်ဟာ ဘရိုက်တန် တောင်ပံတိုက်စစ်မှူး လီယန်ဒရို ထရော့ဆက်ဒ်ကို ယူရို ၂၅ သန်း ဝန်းကျင်နဲ့ပဲ ခေါ်ယူထားပြီး ဖြစ်ပါတယ်။

 အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ကီဝီရော်ကို စာချုပ်ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ် ပျော်ရွှင်မိကြောင်း ပြောပါတယ်။ သူဟာ လူငယ် တစ်ဦးဖြစ်ပြီး အာဆင်နယ် ခံစစ်ကြောင်းကို ကာယကြံ့ခိုင်မှုရော၊ အရည်အသွေး အရပါ အားဖြည့် ပေါင်းစပ်ပေးမယ့်သူ ဖြစ်ကြောင်း၊ သူနဲ့အတူ ရှေ့ဆက် အလုပ်တွဲလုပ်ဖို့ အများကြီး မျှော်လင့်ထားမိကြောင်း အာတီတာက ဆိုပါတယ်။

ကီဝီရော်ဟာ ၂၀၂၁ ခုနှစ်၊ နွေရာသီတုန်းက ဆလိုဗက်ကီးယားကလပ် ဇီလီနာကနေ ပြောင်းရွှေ့ခဲ့တဲ့နောက် အီတလီမြေမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသခဲ့သလို စီးရီးအေမှာ ၃၉ ပွဲထိ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ နှစ်မှာတော့ ပိုလန် လက်ရွေးစင် အသင်းအတွက် စတင်ကစားခွင့် ရလာခဲ့ပါတယ်။ သူဟာ အာဆင်နယ်ရဲ့ ဗဟိုခံစစ် နေရာအတွက် ဝီလီဆာလီဘာ၊ ဂေဘရီရယ်လ် မာဂယ်လ်ဟေးစ်နဲ့ ရော့ဘ်ဟိုးလ်ဒင်းတို့လို ကစားသမားတွေကို အဓိက ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Delta News

Read Previous

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

Read Next

လမ်းပတ်ကို မန်နေဂျာ ရာထူးက ထုတ်ပယ်လိုက်တဲ့ အဲဗာတန်