တခါသုံး ပန်းကန်ခွက်ယောက်နဲ့ ပလတ်စတင် ဇွန်း၊ ခက်ရင်း၊ ဓားတွေ အသုံးပြုခွင့်ပိတ်ဖို့ အင်္ဂလန် စီစဉ်

 

တခါသုံး ပန်းကန်ခွက်ယောက်တွေနဲ့ ပလတ်စတစ် ဇွန်း၊ ခက်ရင်းနဲ့ ဓားတွေကို အင်္ဂလန်မှာ အသုံးပြုခွင့် ပိတ်ပင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အစိုးရက ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ လက်တွေ့ကျကျ စီမံ ဆောင်ရွက်နေပြီလို့ အတည်ပြုခဲ့ပေမယ့် အဲဒီ တားမြစ်မှုတွေဟာ ဘယ်အချိန်မှာ စတင် အသက်ဝင်လာမလဲ ဆိုတာကိုတော့ အတိအကျ မှတ်ချက် မပေးသေးပါဘူး။ ဒါဟာ ဗြိတိန်ရဲ့ တခြား ပြည်နယ်ကြီးတွေဖြစ်တဲ့ စကော့တလန်နဲ့ ဝေးလ်စ်တို့မှာ ကျင့်သုံးနေတဲ့ မူဝါဒကို လိုက်လံတုပလာမယ့် သဘောလည်း ဖြစ်ပါတယ်။

ဗြိတိန် အစိုးရရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ထရေဆာ ကော့ဖေးက အခုလုပ်ရပ်ဟာ အနာဂတ် မျိုးဆက်တွေအတွက် ချန်ထားခဲ့ရမယ့် သဘာဝ ပတ်ဝန်းကျင်ကို ထိထိရောက်ရောက် ကာကွယ်ရာ ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတွေက အခုကြေညာချက်ကို ထောက်ခံ ကြိုဆိုခဲ့ကြပေမယ့် ပလတ်စတစ် သုံးစွဲမှုကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ် လျှော့ချနိုင်မယ့် မူဝါဒတွေ ချမှတ်ပေးဖို့ ဆက်လက် တောင်းဆိုနေကြပါတယ်။

အစိုးရရဲ့ စာရင်းတွေအရ တစ်ခါသုံး ပန်းကန်ပြား ၁.၁ ဘီလီယံနဲ့ ပလတ်စတစ် ဓား၊ ဇွန်း၊ ခက်ရင်းစတဲ့ အပိုင်းအစပေါင်း ၄ ဘီလီယံကျော်ကို အင်္ဂလန်မှာ နှစ်စဉ် စွန့်ပစ်နေတယ်လို့ သိရပါတယ်။ ပလတ်စတစ် စွန့်ပစ် ပစ္စည်းတွေဟာ အလွယ်တကူ ဆွေးမြေ့ ပျက်စီးမသွားဘဲ နှစ်ပေါင်းများစွာ သက်တမ်းကြာညောင်းတဲ့ထိ ရေရှည်ခံတတ်တာကြောင့် သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ဒုက္ခပေးလေ့ ရှိပါတယ်။

တစ်ခါသုံး ပန်းကန်တွေနဲ့ ဆက်စပ် အသုံးအဆောင်တွေကို ပိတ်ပင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် ကြေညာချက်တွေကိုတော့ သဘာဝ ပတ်ဝန်းကျင်၊ စားနပ်ရိက္ခာနဲ့ ကျေးလက်ရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက်မှာ အသေးစိတ် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူတွေကတော့ အစိုးရ အနေနဲ့ ပလတ်စတစ် သုံးစွဲမှုကို လျှော့ချဖို့ အမှန်တကယ် အကျိုးသင့် အကြောင်းသင့်ဖြစ်မယ့် မူဝါဒတွေ ပြဋ္ဌာန်းပြီး ပြန်လည် သန့်စင် သုံးစွဲမှုဆိုင်ရာ အခွင့်အလမ်းတွေကိုပါ ဖော်ဆောင်ပေးဖို့ တိုက်တွန်း တောင်းဆိုနေကြပါတယ်။