နေအိမ် ဖောက်ထွင်းခံရမှုကြောင့် အိမ်ပြန်သွားတဲ့ အင်္ဂလန် တိုက်စစ်မှူး စတာလင်

နေအိမ် ဖောက်ထွင်းခံရတဲ့ ကိစ္စကြောင့် တိုက်စစ်မှူး ရာဟင် စတာလင်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေရာကနေ အိမ်ပြန်သွားခဲ့ကြောင်း အင်္ဂလန် လက်ရွေးစင်အသင်း မန်နေဂျာ ဂါရတ်သ် ဆောက်ဂိတ်က အတည်ပြုခဲ့ပါတယ်။

 

အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဆီနီဂေါကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး အဲဒီပွဲစဉ် မတိုင်ခင်မှာ ကတည်းက စတာလင် ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်းကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က ကြိုတင် ကြေညာထားခဲ့ပါတယ်။

 

ပွဲအပြီးမှာတော့ ဆောက်ဂိတ်က စတာလင် ကာတာနိုင်ငံမှာ ရှိနေတုန်း အင်္ဂလန်က သူ့အိမ် ဖောက်ထွင်းခံရကြောင်း ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင် ဖောက်ထွင်းရေးသမားတွေဟာ စတာလင်ရဲ့ မိသားစုဝင်တွေ ရှိနေချိန် နေအိမ်ကို ဖောက်ထွင်းခဲ့ကြတာလို့ ဆောက်ဂိတ်က ဆိုပါတယ်။

 

တစ်ခါတလေတော့ ဘောလုံးဟာ အရာရာ အရေးအကြီးဆုံး မဟုတ်တော့ကြောင်း၊ အထူးသဖြင့် မိသားစုနဲ့ ယှဉ်လာရင် ဦးစားပေးလို့ မရတော့ကြောင်း ဆောက်ဂိတ်က မှတ်ချက်ပေးခဲ့ပါတယ်။ ချဲလ်ဆီး အသင်းရဲ့ ကြယ်ပွင့် ကစားသမား စတာလင်မှာ ကလေးငယ် ၃ ယောက်ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သူ့နေအိမ် ဖောက်ထွင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

 

အခုလောလောဆယ်တော့ စတာလင်ကို စိတ်တိုင်းကျ လွတ်လပ်ခွင့် ပေးထားကြောင်း၊ အင်္ဂလန် အသင်းမှာ သူပြန်လည် ပူးပေါင်းနိုင်မလား ဆိုတာကိုတော့ လာမယ့် ရက်ပိုင်းအတွင်း အခြေအနေတွေအပေါ် မူတည်ပြီးမှ ပြောလို့ရမှာဖြစ်ကြောင်း ဆောက်ဂိတ်က ပြောကြားသွားပါတယ်။

 

အင်္ဂလန်ဟာ ကာတာက ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ပိုင်း အမြင့်ဆုံး အသင်းအဖြစ် သတ်မှတ် ခံထားရပြီး ကွာတားဖိုင်နယ် အဆင့်မှာတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာပါ။ ပြင်သစ်ကလည်း ပိုလန်ကို ၃-၁ နဲ့ ခြေစွမ်းပြ အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

 

စတာလင်ဟာ ကမ္ဘာ့ဖလား ကာလအတွင်း အင်္ဂလန် အသင်းကနေ ထွက်ခွာခဲ့တဲ့ ဒုတိယမြောက် ကစားသမားပါ။ အာဆင်နယ် နောက်ခံလူ ဘန်ဝှိုက်ကလည်း နိုဝင်ဘာ ၃၀ မှာ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ အင်္ဂလန်ကို ပြန်သွားပြီး ပြိုင်ပွဲ ပြီးတဲ့ထိ လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

 

အသက် ၂၇ နှစ်အရွယ် စတာလင်ဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အဖြစ် အီရန်ကို ၆-၂ နဲ့ အနိုင်ရခဲ့တုန်းက အသင်းအတွက် တစ်ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။