ကမ္ဘာ့ဖလားကို အိပ်မက်ဆန်ဆန် ဖြတ်သန်းနေတယ်လို့ အမ်ဘက်ပီ ညွှန်းဆို

သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိပ်မက်ဆန်ဆန် ဖြတ်သန်းနေတယ်လို့ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီက ပြောကြားလိုက်ပါတယ်။
လက်ရှိ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ ပြင်သစ် အသင်းဟာ ပြိုင်ပွဲ မစခင်မှာ ဒဏ်ရာ ပြဿနာတွေကြောင့် အဓိက ကစားသမားကောင်း တချို့ကို လက်လွှတ်ခဲ့ရပြီး အတောင့်တင်းဆုံး လူစာရင်းမျိုး မစုဖွဲ့နိုင်ခဲ့တာကြောင့် ပရိသတ်တွေ စိုးရိမ်ခဲ့ကြပါသေးတယ်။
ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ပြင်သစ်က တောက်လျှောက် ကစားပုံ ကောင်းနေသလို ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘက်ပီကလည်း ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူနေပါတယ်။ အမ်ဘက်ပီဟာ ပိုလန်ကို ၃-၁ နဲ့ အနိုင်ရပြီး ပြင်သစ်အသင်းကို ကွာတားဖိုင်နယ် ရောက်ရှိစေတဲ့ ပွဲစဉ်မှာ နှစ်ဂိုး သွင်းခဲ့တဲ့နောက် အခု ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သွင်းဂိုး ငါးဂိုးထိ ရရှိထားပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့ ထိပ်ဆုံးနေရာက ဦးဆောင်နေပါတယ်။
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ အမ်ဘက်ပီဟာ ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ်အသင်း ဗိုလ်စွဲဖို့လည်း အကောင်းဆုံး ခြေစွမ်းပြ ကူညီခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ စုစုပေါင်း သွင်းဂိုး ကိုးဂိုးထိ ရရှိထားပြီ ဖြစ်တာကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် တစ်ဂိုးသာနေပြီး လီယွန်နယ် မက်ဆီနဲ့ အရေအတွက် တူညီနေပါတယ်။ အဲဒီ ကမ္ဘာကျော် ကစားသမား နှစ်ယောက်စလုံးဟာ အသက်အရွယ်အရ နောက်ထပ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ ကစားဖို့ မဖြစ်နိုင်လောက်တော့ပါဘူး။
ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သူ့အတွက်တော့ အိပ်မက်တစ်ခုနဲ့ တူကြောင်း၊ ဒီပြိုင်ပွဲမှာ ပါဝင်ကစားရတာကို အရမ်း ပျော်ရွှင်ကြောင်း၊ သူဟာ ကမ္ဘာ့ဖလားအတွက် အဆင်သင့် ဖြစ်နေအောင် တစ်ရာသီလုံး ဂရုတစိုက် ပြင်ဆင်ခဲ့ကြောင်း အမ်ဘက်ပီက ဆိုပါတယ်။
သူဟာ ကမ္ဘာ့ဖလားကို နောက်တစ်ကြိမ် ဆွတ်ခူးဖို့ စူးစိုက်မှု အပြည့်နဲ့ လာရောက် ယှဉ်ပြိုင်တာဖြစ်ကြောင်း၊ ပြင်သစ် အသင်းအနေနဲ့ ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲဖို့အတွက် ခရီးရှည်ကြီး လျှောက်လှမ်းဖို့ ကျန်နေသေးပြီး ပထမဆုံး စိန်ခေါ်မှုကတော့ လာမယ့် ကွာတားဖိုင်နယ် ပွဲစဉ်​ဖြစ်ကြောင်း၊ အဲဒီပွဲအတွက် တစ်သင်းလုံး အာရုံစူးစိုက်ထား​ကြောင်း အမ်ဘက်ပီက ပြောကြားသွားပါတယ်။
ပြင်သစ်ဟာ ကွာတားဖိုင်နယ် အဆင့်မှာ လက်ရှိ ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေတဲ့ အင်္ဂလန်နဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။