ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံးဖြစ်လာမယ်လို့ ဘရာဇီးတိုက်စစ်မှူးနေမာပြော

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ  သူ့အတွက် နောက်ဆုံးဖြစ်လာမယ်လို့ ဘရာဇီးတိုက်စစ်မှူးနေမာက ဖွင့်ဟခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နေမာဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ဆက်ကစားပေးဖို့ စိတ်ခံစားမှုဟာ လက်ရှိမှာ တိတိကျကျ မဆုံးဖြတ်နိုင်သေးပေမယ့် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ သူ့အတွက် နောက်ဆုံးဖြစ်လာလိမ့်မယ်လို့ အသိပေးပြောကြားခဲ့တာပါ။

ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ၂၀၂၆ ခုနှစ် ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအရောက်မှာတော့ နေမာဟာ အသက် ၃၄ နှစ်အရွယ်ကို  ရောက်ရှိသွားမှာပါ။

ဒါကြောင့်လည်း ကစားသမားက သူ့ရဲ့ အသက်အရွယ် အနေအထားနဲ့ ပတ်သက်လို့  ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တာပဲဖြစ်ပါတယ်။

နေမာဟာ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတို့နဲ့ ဆုဖလားပေါင်း ၁၈ လုံး ရယူကိုင်မြှောက်နိုင်ခဲ့ပေမယ့် ဘရာဇီးလက်ရွေးစင်အသင်းအတွက်တော့ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားသာ ကိုင်မြှောက်ခွင့်ရခဲ့တာပါ။

ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် အာဂျင်တီနားကို ရှုံးနိမ့်ခဲ့ရလို့ ဖလားကိုင်မြှောက်ခွင့် အိပ်မက် ဆုံးရှုံးခဲ့ရပါတယ်။

လက်ရှိမှာတော့ နေမာအတွက် အခုအသက်အရွယ်မှာ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားကသာ သူ့အတွက် အနီးစပ်ဆုံးဖြစ်နေပါတယ်။

ငယ်စဉ်ကတည်းက ဘရာဇီးအသင်းအတွက် အောင်မြင်မှု‌တွေရယူချင်တဲ့ အိပ်မက်ဟာ နီးစပ်မှုတွေ ရှိခဲ့ပေမယ့် နေမာတစ်ယောက် တေ့လွဲလွဲနေခဲ့ရတာပါ။

နေမာက “၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားဟာ ကျွန်တော့်အတွက် နောက်ဆုံးဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဘောလုံးဆက်ကစားနိုင်ဖို့ ကြံ့ခိုင်တဲ့ အခြေအနေတစ်ခု ရှိနိုင်မလားဆိုတာ မသိနိုင်လို့ပါ”လို့ ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။

ဒါအပြင် လက်ရှိမှာတော့ ငယ်စဉ်က မက်ခဲ့တဲ့ အိပ်မက်အတိုင်း ဘရာဇီးနိုင်ငံအတွက် ပေးဆပ်ကစားသွားမှာဖြစ်တယ်လို့ သူက ကတိပေးခဲ့ပါတယ်။