မင်းကင်းမှာ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်အုပ်စုနဲ့ပျူစောထီးတို့က မီးရှို့ဖျက်ဆီး

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့နောက်လိုက် ပျူစောထီးအဖွဲ့တွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးဝင်ရောက် လုယက်ပြီးနောက် နေအိမ် ၇လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၁ရက်နေ့ မနက်ပိုင်းမှာ လောင်းပြည့်ကျေးရွာထဲကို အင်အား အများအပြားနဲ့ ဝင်ရောက်လာပြီး NLDပါတီကို ထောက်ခံတဲ့အိမ်တွေလို့ ဒလန်တွေညွှန်ပြတဲ့ အိမ်တွေကို အကုန်လုံးကို ဝင်ရောက်ဖျက်ဆီးတာ အဖိုးတန်ပစ္စည်းတွေကို လုယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပျူစောထီး ဒလန်တွေက လက်ညှိုးထိုးပြီး ပြသမျှ အိမ်တွေအကုန်လုံးကို ဖျက်ဆီးပြီးတော့ ပစ္စည်းတွေကို အရင်ခိုးတယ် ပြီးမှ အိမ်တွေကို မီးရှို့သွားတာ၊ လှေတွေလဲ ခိုးသွားတယ်၊ ရွာကတော့ ကြောက်လို့ အကုန်ရှောင်နေကြတာပေါ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ အင်အားအများအပြားနဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို မကြာခဏဝင်ရောက်ဖျက်ဆီး မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။