တပ်ပျက်တော့မယ့်အရေး အငြိမ်းစားစီနီယာကြီးတွေ တွေးပူနေကြ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်တပ်တစ်ခုလုံး ပြိုလဲတော့မယ့်အရေးကို မင်းအောင်လှိုင်ရဲ့စီနီယာ အငြိမ်းစား အရာရှိ ကြီးတွေက တွေးပူနေကြပြီလို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ နိုင်ငံတကာဖိအားတွေကို အဆိုးဆုံးကြုံတွေ့ နေရပြီဖြစ်ပေမဲ့ သူသွားလိုတဲ့လမ်းကြောင်းကိုသာ အလျှော့မပေးစတမ်းသွားနေသလို ပြည်သူ့ရင်ခွင် ဝင်ရောက်လာတဲ့ စစ်သားတွေ ဆက်ရှိနေခြင်းက မင်းအောင်လှိုင်ကို ခေါင်းမီးတောက်စေတယ်လို့ ရန်ကုန်မြိုံ၊အင်းစိန်နေ အငြိမ်းစားအရာရှိကြီးတစ်ဦးကဆိုပါတယ်။

‘အပြင်ဖိအားတွေကလည်း ကြီးတယ်။နိုင်ငံတကာမှာတင်မကဘူး၊ဒေသတွင်းမှာပါ မင်းအောင်လှိုင်ရဲ့ သံခင်းတမန်ခင်းပြိုကျသွားခဲ့ပြီ။ဒါပေမဲ့၊သူဂရုမစိုက်ဘူး။အခုသူရင်ဆိုင်နေတဲ့ စစ်တပ်ထဲကအတွင်းဖိ အားကိုတော့ သူကြောက်တယ်ထင်တယ်။ဟိုတပ်သွားလိုက်ဒီတပ်သွားလိုက်နဲ့ တောင်ပြောမြောက် ပြောလုပ်လိုက်နဲ့ အန်ကယ်တို့က မင်းအောင်လှိုင်သိပ်မကြာတော့ဘူးထင်တယ်။အန်ကယ်တို့က မင်းအောင်လှိုင်နဲ့အတူ ဝရုန်းသုန်းကားတပ်ပျက်မှာ မဖြစ်စေချင်လို့တွေးပူနေကြတယ်’လို့ သူကပြောပါတယ်။

အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိနဲ့ ကားသမားတို့ CDMပြုလုပ်ကာ ထွက်ပြေးသွားခြင်းက စစ်တပ်တွင်း ရိုက်ခတ်မှုကြီးစေတယ်လို့ အငြိမ်းစားအရာရှိကြီးကဆိုပါတယ်။

‘စဉ်းစားကြည့်လေ၊ဒုတိုင်းမှူးရဲ့ကိုယ်ရေးအရာရှိဆိုတာ စစ်တပ်ထဲအာဏာလည်းရှိပြီး ရှေ့တန်းတွေဘာ တွေလည်းဒုက္ခခံထွက်ရတာမဟုတ်ဘူး။ဒီလိုကောင်တောင် လစ်ပြီဆိုတော့ ကျန်တဲ့သူတွေလည်း စဉ်းစားကြပြီပေါ့’လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ပြည်သူ့ရင်ခွင်ဝင်လာတဲ့စစ်တပ်နဲ့ရဲ ၃၅၀၀အထက်ရှိပြီး နောက်ထပ်ပြည်သူ့ရင်ခွင်ဝင်ကြ မယ့် စစ်သားတွေ များစွာရှိတယ်လို့ CDM ဗိုလ်ကြီးတွေက DVB ရဲ့ ပြည်သူ့စစ်သားပြောစကားအစီအ စဉ်မှာပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတပ်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေဟာ အရင့်အရင်ကလုပ်လေ့မရှိတဲ့ စစ်တပ် တွေထဲ လှည့်လည် စည်းရုံးဟောပြောတာကို အခုနောက်ပိုင်းခပ်စိပ်စိပ်လုပ်လာပါတယ်။

‘အဲဒါက တပ်တွင်းအခြေအနေမကောင်းမှန်းသူတို့ကိုယ်တိုင်သိနေလို့ ဆွယ်တရားလိုက်ဟောနေတာ’လို့ အငြိမ်းစားအရာရှိကဆက်ပြောပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ တစ်ဖက် ပိတ်အသိဉာဏ်နည်းသူတွေဖြစ်လို့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံတကာဖိအားတွေကို ဂရုစိုက်မှာမဟုတ် သလို နိုင်ငံတကာဖိအားဟာ အပြောင်းအလဲဖြစ်ဖို့ ပဓာနကျတဲ့ တွန်းအားလည်းမဟုတ်ဘူးလို့ဆိုပါ တယ်။

‘စစ်တပ်ထဲက အတွင်းပိုင်းဖိအားက ပိုပြီး အပြောင်းအလဲဖြစ်ဖို့ တွန်းအားဖြစ်လိမ့်မယ်ထင်တယ်’လို့ သူက ကောက်ချက်ချပါတယ်။