ခရီးသွားလုပ်ငန်း ပြန်နာလန်ထဖို့ လမ်းမမြင်ဘူးလို့ လုပ်ငန်းရှင်တွေပြော
၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။
စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေနဲ့ လုံခြုံမှုမရှိတာကြောင့် ဒီနှစ်ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းဟာ ပြန်လည်နာလန်ထလာစရာအကြောင်းမရှိဘူးလို့ ခရီးသွားလုပ်ငန်းရှင်တချို့က ပြောပါတယ်။
စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံအနှံ့ ပြည်သူကို ကမ်းကုန်အောင်အနိုင်ကျင့်နေသလို မြို့တိုင်းနီးပါး လုံခြုံမှုမရှိ တော့တာကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းပြန်ကောင်းလာဖို့လမ်းမမြင်ကြောင်း နေပြည်တော်အခြေစိုက် ပြည် တွင်းခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
‘ကိုဗစ်တွေဘာတွေထပ်မဖြစ်ဘူးထားဦး၊ညမထွက်ရအမိန့်တွေရှိတယ်။ကိုယ်ရောက်တဲ့နေရာမှာ ပေါက်ကွဲမှုဖြစ် လို့ ကိုယ့်ခရီးသွားတွေကို လာမဖမ်းဘူးလို့ဘယ်သူမှ အာမမခံနိုင်ဘူး။ပြီးတော့ ငွေတန်ဖိုးကကျ၊အလုပ်တွေကမ ကောင်းတဲ့ကြားထဲ ခရီးသွားမယ်ဆို ငွေကပိုကုန်ဦးမှာဆိုတော့ နာလန်ထစရာအကြောင်းမမြင်ဘူး’လို့ သူက ပြော ပါတယ်။
စစ်အုပ်စုအနေနဲ့ ခရီးသွားလုပ်ငန်းတွေကို ပြန်ဖွင့်မယ်လို့ပြောပေမဲ့ အဟန့်အတားတွေကို ဖယ်ရှားပေးတာမျိုးမ ရှိဘူးလို့လည်း ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်က ခရီးသွားလုပ်ငန်းကို ပြည်တွင်းကနေ ပြန်စနိုင်အောင်လုပ်နေပြီလို့ စက် တင်ဘာ၂၇ရက်နေ့၊ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားသို့ပေးပို့စာမှာ ရေးသားထားပါတယ်။
‘လွှတ်တဲ့အဖွဲ့ကလွှတ်တယ်။ဖမ်းတဲ့အဖွဲ့က ဖမ်းသလိုဖြစ်နေတယ်။ခရီးသွားလုပ်ငန်းတွေ ပြန်ပွင့်လာအောင် လုပ်မယ်လို့ပြောတယ်။တစ်ဖက်မှာ 144 ထုတ်တာမျိုးပေါ့’လို့ သူကပြောပါတယ်။
မြန်မာ့ခရီးသွားလုပ်ငန်းရဲ့အသက်ဟာ safety ဖြစ်ပြီး ခရီးသွားဒေသအများစုဟာ တိုင်းရင်းသားဒေသတွေမှာ ရှိနေတဲ့အတွက် လတ်တလောအခြေအနေအရ လုံခြုံရေးပြဿနာရှိတယ်လို့သိရပါတယ်။
‘safety မရှိဘဲ ဘယ်လောက်ပဲ လုပ်မယ်ပြောပြော၊ဖြစ်လာစရာအကြောင်းမရှိဘူး’လို့ သူကဆက်ပြောပါ တယ်။
ကိုဗစ်ရောဂါကြောင့် အိမ်တွင်းအောင်းဘဝနဲ့ နှစ်ချီကြာပိတ်မိနေတဲ့ပြည်သူတွေဟာ ခရီးသွားချင်ကြပေမဲ့ လုံခြုံ ရေးအာမခံချက်မရှိတာ၊ညဘက်ကားထွက်လို့မရတာကြောင့် ခရီးသွားရက်ပိုရှည်ပြီးကုန်ကျစရိတ်ပိုများလာတာ၊ အသက်နဲ့ရင်းတော်လှန်နေတဲ့ PDF လူငယ်တွေကို လိပ်ပြာမလုံတာတွေအရ ဒီနှစ်ပွင့်လင်းရာသီမှာ ခရီးသွားလုပ် ငန်းနာလန်ထူလာစရာမရှိကြောင်းသူက ကောက်ချက်ချပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က လုံခြုံရေးအခြေအနေအရ ခရီးမသွားကြဖို့ မေတ္တာရပ်ခံထားပါတယ်။အ ကြမ်းဖက်စစ်အုပ်စုဟာ ခရီးသွားပြည်သူတွေကို ဗုံးဖောက်ခွဲတိုက်ခိုက်ပြီး PDF တို့က လုပ်ဆောင်သလို ဝါဒ ဖြန့်သွေးခွဲလာနိုင်တယ်လို့လည်း ဆိုကြပါတယ်။
‘အဓိကကြောက်တာကအဲဒါပါပဲ။မင်းအောင်လှိုင်က ဘာမဆိုလုပ်ရဲတယ်လို့ ဝန်ခံထားတယ်လေ။တကယ်လည်း ပြည်သူကိုသတ်နေတာဆိုတော့ သူတို့ကဗုံးခွဲပြီး PDF လုပ်ပါတယ်ဆိုပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်လာနိုင် တယ်’လို့ လှိုင်မြို့နယ်၂ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။
အခြေခံအဆောက်အဦအပိုင်ရှိပြီးသားခရီးသွားကုမ္ပဏီအနည်းငယ်ဟာ မကြာမီစတင်တော့မယ့် ခရီးသွားရာသီမှာ ဝန်ထမ်းအင်အား နည်းနည်းနဲ့ လုပ်ငန်းပြန်စဖို့ ပြင်ဆင်နေကြပါတယ်။
‘၂၀ရာခိုင်နှုန်းလောက်လည်ပတ်ဖို့ စဉ်းစားတာပါ။လုပ်ငန်းရပ်ထားတာကြာပြီဆိုတော့ ထပ်ရပ်ရင် ပိတ်ပစ်ဖို့ပဲရှိ တော့တယ်။ဝန်ထမ်းတွေအတွက် လုပ်ငန်းလည်ပတ်နိုင်အောင်စဉ်းစားတာ’လို့ ရန်ကုန်အခြေစိုက်ခရီးသွားလုပ် ငန်းရှင်ကပြောပါတယ်။
‘ကိုယ့်ကာစတန်မာအဟောင်းတွေနဲ့ ပြန်လည်ပတ်ဖို့ကြိုးစားတာ’လို့ သူကပြောပါတယ်။