ပြိုကွဲသွားတဲ့ မီးခိုးမထွက်တဲ့ စီးပွားရေး

၄ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့ ပြောကြားချက်အပြီးမှာ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ ခရီးသွားလုပ်ငန်းရှင်တွေကတော့ ဒါကို ရီစရာ ပြဇတ်အဖြစ် သဘောထားလိုက်ကြပါတယ်။

ကိုဗစ်ကြောင့် ရပ်နားထားရအပြီး စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကိုပါ ဆက်ကြုံတွေနေရတဲ့ ခရီးသွားလုပ်ငန်းဟာ ပြန်လည်ထူထောင်နိုင်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။

 အချိန်တစ်နှစ်ခွဲကျော် ရပ်နားလိုက်ရတဲ့ ခရီးသွားလုပ်ငန်းမှာ လုပ်ငန်းသန္ဓေ သုံးပုံနှစ်ပုံဟာ လုပ်ငန်းကို စွန့်ခွာသွားကြပြီး အခြေနေကောင်းတစ်ခုကို ပြန်လည်မျှော်ကိုးနေသူဟာ အလွန်နည်းပါးတဲ့ အရည်အတွက်ပဲဖြစ်ပါတယ်။

ပြည်တွင်းစီးပွားရေးကျဆင်းမှု ဝင်ငွေကြပ်တည်းမှုတွေကြောင့် ငွေပိုလျှံရှိမှ သွားလာနိုင်တဲ့ ရက်ရှည်ခရီးသွားခြင်းကိုလည်း မွန်းကြပ်မှုတွေအကြားမှာပဲ ပြည်သူတွေက မြိုသိပ်လိုက်ကြပါတယ်။

ခရီးသွားရာသီအစ စက်တင်ဘာလ တိတ်ဆိတ်လို့နေပါတယ်။ ပြည်တွင်းခရီးသွားရာသီ အစပျိုးချိန်မှာ ပန်းဆိုးတန်းတလျှောက် သေနတ်သံဖုံးလို့ နေပါတယ်။ အထက်မြန်မာပြည်နဲ့ တောင်တန်းဒေသမှာ ယမ်းငွေ့နဲ့ ဝါးတပြကို တစ်ခါတွေ့ရတဲ့ စစ်ဆေးရေးဂိတ်တွေ၊ ညမထွက်ရအမိန့်တွေ နေရာတိုင်းမှာ ဧည့်စာရင်းဆိုတဲ့ အကြောင်းပြချက်ရယ်နဲ့ မသင်္ကာလို့စစ်ဆေးတယ်ဆိုတာကနေ အိမ်မပြန်ရတော့မဲ့ အဖြစ်မျိုးတွေကို ချက်ခြင်းကြုံတွေ့နေရနိုင်တဲ့ အဖြစ်တွေကြောင့် ခရီးသွားလုပ်ငန်းအပေါ် ယုံကြည်ချက်တွေ မထားရှိကြတော့ပါဘူး။

 “ခရီးသွားလုပ်ငန်းတစ်ခုမှာ အရေးကြီးတာက လုံခြုံရေး၊ စစ်ကောင်စီက သူတို့လက်ထက်မှာ အေးချမ်းပြီး ပြည်သူတွေ ခရီးသွားနေကြပြီလို့ လျှောက်ပြောချင်တာ၊ လုံခြုံရေးကို သူတို့ကိုယ်တိုင်ပဲ ဖောက်ဖျက်ထားတော့ ဒါကမဖြစ်နိုင်ဘူး၊ ခရီးသွားတယ်ဆိုတာ ညဘက်ကားစီးတယ် မနက်ကျ လည်ပတ်စရာ လည်ပတ်တယ်၊ အခုက နေ့ဘက်ပဲ သွားလို့ရနေတဲ့အချိန်မှာ အဆင်မပြေဘူး၊ အရှေ့က ပေါက်ကရပြောနေတာ၊ လက်နက်တွေနဲ့ အချိန်မရွေးတားပြီးတော့ လှန်လှောစစ်မှာကို ဘယ်သူမှ မလိုချင်ကြဘူး ဒါ့ကြောင့် သွားကြမဲ့သူနည်းတယ်၊ အများစုက လုပ်ငန်းကိုစွန့်ခွာသွားကြပြီ၊ ဆက်လုပ်ဖြစ်ရင်တောင်မှ အနီးဝန်ကျင်လောက် နေ့ချင်းပြန်ခရီးတွေလောက်ပဲ လုပ်ဖြစ်ကြတော့မယ်”လို့ အထက်မြန်မာပြည်နဲ့ တောင်တန်းဒေသအတွက် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

အပန်းဖြေခရီးသွားလုပ်ငန်းအပြင် ဘုရားဖူးခရီးစဉ်တွေလည်း ကြာမြင့်စွာ ရပ်တန့်ထားလိုက်ရပြီးနောက်မှာ လုပ်ငန်းအသီးသီး ပြောင်းရွေ့သွားပြီလို့ ဆိုပါတယ်။ ဘုရားဖူးမော်တော်ယာဉ်တွေကို ကုန်ကားသဖွယ် အသုံးပြုပြီး ခရီးသည်ယာဉ်နဲ့ ကုန်ကားအဖြစ် အသွင်ပြောင်းလိုက်ကြတဲ့ လုပ်ငန်းရှင်တွေ ပိုမိုများတယ်လို့ ဆိုပါတယ်။

 “ကျိုက်ထီးရိုးဆို အကုန်သိနေတဲ့အတိုင်းပဲ ရိုးရိုးလေးပိုင်ရှင် အဖမ်းခံရတယ်၊ ကျိုက်ထီးရိုးဘုရားပေါ်မှာ တပ်စွဲထားတယ်၊ ကျိုက်ထီးရိုးဘုရားဖူးဆိုရင် ဘုရားကိုပဲ ပုဆိန်ပေါက် ဦးချကြတာမဟုတ်ဘူး၊ အနားက ရသေ့တောင်တော့ အနည်းဆုံးသွားတယ် ကျီးကန်းပါးစပ်သွားမယ်၊ ကျိုက်ထိုထဲဝင်မယ် ကျိုက်ပေါလောမှဲ့ရှင်ဖူးမယ် ဒါတွေက အခြေခံတွေ၊ တပ်စွဲထားတယ် သွားရင်းနဲ့ အပစ်ခံရနိုင်တယ် အဖမ်းခံရနိုင်တယ်၊ ဘာမထွက်ခွင့် ညာမထွက်ခွင့်တွေ ရှိနေတယ်၊ ကိုယ့်ခရီးသည်ကို အလုံးစုံတာဝန်ယူရမှာ မဖြစ်နိုင်လို့ ပြန်ထွက်ဖို့ မလွယ်ဘူး၊ ကိုဗစ်ပြီးရင် အားခဲကြပြီးနောက်မှာ အာဏာသိမ်းနဲ့တိုးတော့ အကုန်ကားတွေရောင်းကြတာများတယ် အများစုက ကုန်ကားဖြစ်သွားတယ်”လို့ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

အပန်းဖြေခရီးသွားတွေအနက်မှာ ငပလီကမ်းခြေတစ်ခုကတော့ လုံခြုံရေးတွေအရ ရပ်တန့်ဆဲဖြစ်နေပြီး ဧရာဝတီတိုင်းက ချောင်းသာကမ်းခြေတစ်ခုသာ ပြည်တွင်း ခရီးသွားအနည်းငယ်နဲ့ အသက်ဝင်နေပါတယ်။

ငွေဆောင်ကမ်းခြေကတော့ မိုးတွင်းကာလဖြစ်တာမို့ ပြည်ပခရီးသွားကိုသာ အားကိုးတဲ့ ကမ်းခြေဟာ ပြည်ပခရီးသွားတွေ ရပ်တန့်အပြီးနောက်မှာ ဟိုတယ်လုပ်ငန်းရှင်အချို့ဟာ လုပ်ငန်းတွေကို ရောင်းချတာတွေပါ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

ချောင်းသာကမ်းခြေကိုတော့ ဒေသတွင်းခရီးသွားဝင်ရောက်မှုမှာ ပုံမှန်ရက်တွေမှာ တစ်ရာခန့်ရှိနေပြီး ရုံးပိတ်ရက်တွေမှာ တစ်ရာ့ငါးဆယ်ကနေ နှစ်ရာခန့်ထိ ရှိနေတတ်ပါတယ်။ ဒါဟာလည်း အရင်အချိန်တွေနဲ့ နှိုင်းယှဉ်ရင် ငါးပုံ လေးပုံအထိ လျှော့နည်းနေတာပါ။

 ဝင်ရောက်လာတဲ့ ခရီးသွားတွေဟာလည်း ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်လာရောက်တာမဟုတ်ဘဲ မိသားစုလိုက်အစီအစဉ်တွေနဲ့ မိမိတို့ဘာသာ လာရောက်ကြတာပဲဖြစ်ပါတယ်။ ဟိုတယ်ကြီးတွေမှာ တည်းခိုသူနည်းပါးနေပြီး အလယ်အလတ်တန်းစား ဟိုတယ်တွေနဲ့ ကမ်းခြေတည်းခိုခန်းတွေမှာသာ တည်းခိုသူများပြားပါတယ်။

“ရွှေသောင်ယံ၊ ဂေါ်ရန်ဂျီ၊ ချောင်းသာ၊ ငွေဆောင်မှာ ရွှေသောင်ယံကတော့ အခုလမ်းအခြေအနေကြောင့် သိပ်မလာကြဘူး၊ ငွေဆောင်ကတော့ မိုးကုန်ရင်တောင် ပြည်တွင်းနည်းနည်းပဲ မှန်းလို့ရတယ်၊ ဂေါ်ရန်ဂျီကတော့ လမ်းပန်းဆက်သွယ်ရေးရော ဟိုရက်ကလည်း တွေ့မှာတော့ PDFရှိတယ်လို့ ဆိုပြီး ကမ်းခြေရွာတွေကို မွှေပြီးတော့ လမ်းတွေပိတ်တာအဲ့ဒါမို့ မိုးကုန်ရင်တောင် လာဖို့မလွယ်ဘူး၊ ချောင်းသာတစ်ခုပဲ ဒါကလည်း ပြည်တွင်းက လူနည်းစုပဲ လာကြတယ်၊ ခရီးသွားရာသီစရင်လည်း အဲ့လိုပဲ နည်းနေမှာပဲ ဒါတောင် ဧရာဝတီက နည်းနည်းငြိမ်သက်နေလို့”လို့ ချောင်းသာမြို့မှာ စားသောက်ဆိုင်ဖွင့်ထားသူ တစ်ဦးကပြောပါတယ်။

ပြည်တွင်းခရီးသွားလုပ်ငန်း ပြိုလဲသွားသလို ပြည်ပခရီးသွားလုပ်ငန်းတွေကတော့ ပပျောက်ဖို့ပဲ ရှိနေပါတော့တယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ ပြည်ပခရီးသွားလုပ်ငန်းအားလုံး ရပ်တန့်သွားတာကြောင့်  နဝတက ၁၉၉၆ခုနှစ်မှာ မြန်မာ့ခရီးသွားနှစ်လို့ သတ်မှတ်ခဲ့ပြီး အဝတ်ထုတ်ကြီးကိုင်စွဲထားတဲ့ ဖိုးဝရုပ်ကြီးနဲ့ ဆွဲဆောင်ခဲ့ရပါတယ်။ 

ဒီတစ်ခါတော့ ဖိုးဝရုတ်မကယ်နိုင်တော့ပါဘူး။ လုပ်ငန်းအားလုံးဟာ ရပ်တန့်လိုက်ရပြီး တစ်ဖက်နိုင်ငံက အကျိုးတူလုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေကလည်း မြန်မာပြည်ကို ကြောက်လန့်နေကြပါတယ်။

 “ရပ်လိုက်လားဆိုတော့ မရပ်လိုက်နိုင်ဘူး၊ ကျွန်တော်ကတော့ အခြေအနေစောင့်ကြည့်နေတာ ရပ်လိုက်ရင် ဆုံးရှုံးမှာတွေလည်းရှိတယ် မရပ်လိုက်ဘဲ ရှေ့တိုးဖို့လဲ မရတော့ ခက်တယ်၊ ရင်းထားတဲ့ ကားတွေ ရုံးခန်းတွေကိုရောင်းချပြီးတော့လည်း ငွေရဖို့ လုပ်ဖို့မလွယ် ဝယ်သူမရှိဘူး၊ နောက်တစ်ခုက ကျွန်တော်တို့မှာ ဒီဖက်ကပဲ သွားသွား ဟိုဖက်ကပဲလာလာ ပို့ပို့ခေါ်ခေါ် အလွယ်ပြောရင် အမှတ်ကလေးတွေ အကျိုးခံစားခွင့်တွေက လုပ်ငန်းလုပ်သက်ပေါ်မူတည်ပြီး ရှိနေတာ၊ ဒါတွေက ကိုယ်လိုချင်ရင်သာ မနည်းလုပ်ရတယ်၊ ပြန်ရောင်းစားလို့မရဘူး၊ အလုပ်တော်တော်များများကတော့ အကုန်ဖြုတ်လိုက်ကြပြီ၊ တစ်ဖက်က မြန်မာနိုင်ငံကိုလာဖို့ဆိုရင် အခုဖြစ်နေတဲ့ ပြည်တွင်းအခြေအနေအရ ဘယ်သူမှ မလာရဲဘူး၊ ဘာအာမခံချက်မှ မပေးနိုင်တာကို လာမဲ့သူမရှိဘူး”လို့ ပြည်ပခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ပြည်ပခရီးသွားကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံဟာ လည်ပတ်သွားဖို့ လုံခြုံစိတ်ချရခြင်းမရှိတဲ့ နိုင်ငံတစ်ခု သတ်မှတ်ထားလိုက်ကြပြီး ခရီးသွားတွေကို ခရီးစဉ်စီစဉ်ပေးခြင်းမရှိဘူးလို့ဆိုပါတယ်။

ပြိုလဲသွားတဲ့ ခရီးသွားလုပ်ငန်းကို စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က နှုတ်စကားနဲ့ ပြောချင်ရာပြောနေပေမဲ့ လက်တွေ့မှာတော့ ဗဟန်းမြို့နယ်က ပြည်သူတစ်ဦးဟာ ရွှေတိဂုံဘုရားကိုတောင် စိတ်လက်ချမ်းသာစွာ သွားဖူးနိုင်ဖို့ မလွယ်ပါဘူး။