ကယ်လီဖိုးနီးယားကမ်းလွန်ပင်လယ်ပြင်မှာ ရေနံလီတာသိန်းချီယိုဖိတ်

၄ ၊ အောက်တိုဘာလ၊ ၂၀၂၁ ။

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံတွေ အကြီးအကျယ်ယိုဖိတ်လို့ အနီးအနားဝန်းကျင်က ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ရေအောက်မှာ ရှိနေတဲ့ ရေနံပိုက် ချို့ယွင်းမှုကြောင့် အခုလိုဖြစ်တယ်လို့ ယူဆနေကြပြီး ကမ်းလွန်ပင်လယ်ပြင်အတွင်း ၁၃ စတုရန်းမိုင်လောက်ကို ရေနံတွေဖုံးလွှမ်းသွားခဲ့တာပါ၊

ကယ်လီဖိုးနီးယားပြည်နယ် ဟန်တင်တမ်ဘိချ်မှာ ဖြစ်ပေါ်နေတဲ့ ရေနံယိုဖိတ်မှုကို ဒေသခံအာဏာပိုင်တွေက အရေးပေါ်အခြေအနေတစ်ခုအဖြစ် သတ်မှတ်ထားပြီး လက်ရှိမှာတော့ ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးတစ်ခုအဖြစ် ဖော်ပြထားတဲ့ ဒီယိုဖိတ်မှုကြောင့် ကမ်းလွန်ပင်လယ်မှာ ကျက်စားနေတဲ့ ငှက်တွေနဲ့ ငါးတွေပါ သေဆုံးခဲ့ရပါတယ်။ 

လက်ရှိမှာ ယိုဖိတ်မှုရဲ့ ဇစ်မြစ်ကို အတည်အကျသိဖို့ အာဏာပိုင်တွေက ရေငုပ်သမားတွေ စေလွှတ်ပြီး စုံစမ်းနေပါတယ်။ 

ဟန်တင်တမ်ဘိချ်နဲ့  နယူးပို့စ်ဘိချ်အကြားက ပစိဖိတ်သမုဒ္ဒရာထဲကို ရေနံလီတာပေါင်း ၅၇၂,၀၀၀ လီတာလောက်ကို ပျံ့နှံ့သွားခဲ့ပြီပဲဖြစ်ပါတယ်။ 

အခု ရေနံယိုစိမ့်မှု ဖြစ်ပေါ်နေတဲ့ ဒေသဟာ မျိုးသုဉ်းအန္တရာယ်ရှိနေတဲ့ Humpback ဝေလငါးတွေ၊ snowy plover လို့ခေါ်တဲ့ ငှက်တွေ နေထိုင်ကျက်စားရာနေရာလည်းဖြစ်ပါတယ်။ 

ဟန်တင်တမ်ဘိချ်မြို့တော်ဝန် ကင်ကားကတော့ ဒီယိုဖိတ်မှုကို ရုတ်တရက်ဖြစ်ပေါ်လာတဲ့ သဘာဝကပ်ဘေးကြီးတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။