ပုလဲမြို့နယ်ထဲဝင်လာတဲ့ စစ်ကား၉၀ကျော်ကို မိုင်းဆွဲတိုက်ခိုက်

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲကိုဝင်လာတဲ့ အကြမ်းဖက်စစ်ကား၉၀ကျော်ကို ပြောက်ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ သံချပ်ကာကား၇စီးနဲ့ အကြမ်းဖက်စစ်ကား၉၃စီး ပုလဲမြို့နယ်ထဲ ဝင်လာစဥ် ပြည်သူ့တော် လှန်ရေးတပ်(PRA)နဲ့ပုလဲပြည်သူ့ကာကွယ်ရေးတပ်(PPDF)တို့ပူးပေါင်းကာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော် လှန်ရေးတပ်ဖွဲ့ဝင် ဗိုလ်စောကပြောပါတယ်။

‘၇နာရီ၁၅မိနစ်လောက်မှာ မိုင်းဆွဲခဲ့တာ။မိုင်း၆လုံး၊၇လုံးကွဲတယ်။ကျွန်တော်တို့ပြောက်ကျားအလုပ်က မိုင်းဆွဲပြီးတာနဲ့ ပြေး ရတာဆိုတော့ အသေအပျောက်စာရင်းကို အတည်မပြုနိုင်သေးဘူး’လို့ သူကပြောပါတယ်။

အကြမ်းဖက်စစ်ယာဥ်တန်းဟာ ချင်းပြည်နယ်ဘက်တက်လာတာဖြစ်နိုင်ပြီး မိုင်းဆွဲခံရပေမဲ့ နောက်ကြောင်းပြန် မလှည့်ဘူးလို့သိရပါတယ်။

ဒီနေ့မနက်တိုက်ပွဲမှာ ဒေသခံပြောက်ကျားတစ်ဦးမျှ အထိအခိုက်မရှိသလို မ​နေ့ကလည်း ထိခိုက်မှုလုံး၀ မရှိဘူးလို့သိရပါတယ်။

မ​နေ့က ပုလဲမြို့နယ်တိုက်ပွဲအတွင်း PRA  နဲ့PPDF ပူးပေါင်းတပ်တို့ရဲ့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်အုပ်စုဝင် ၅၀ထက်မနည်း သေဆုံးခဲ့တယ်လို့ ဗိုလ်စောကပြောခဲ့ပါတယ်။

မုံရွာ၊ပုလဲ၊ယောနဲ့ နယ်မြေတစ်ဆက်တည်းရှိနေတဲ့ ချင်းပြည်နယ်အတွင်းက ဒေသခံပြောက်ကျားတပ်ဖွဲ့တွေဟာ အပြန်အလှန်ချိတ်ဆက်ပူးပေါင်းမှုတွေနဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်နေကြပါတယ်။