ပုလဲမြို့နယ်အတွင်း ရဲကိုလိုင်းကြေးပေးပြီး စီးပွားဖြစ်ဂျင်ဝိုင်းတွေဖွင့်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းက ရွာအချို့မှာ ရဲကိုလိုင်းကြေးပေးပြီး စီးပွား ဖြစ် ဂျင်ဝိုင်းတွေဖွင့်နေကြတယ်လို့သိရပါတယ်။

ပုလဲမြို့နယ်၊မွေ့တုံ၊သရက်ခြံဝိုင်းနဲ့ ပန်းရွာဝိုင်းတို့မှာ ဂျင်ဝိုင်းရှိပြီး သရက်ခြံဝိုင်းကဂျင်ဝိုင်းဟာ အကြီးဆုံး ဖြစ်တယ်လို့ ပုလဲဒေသခံတွေက ဆိုပါတယ်။

‘ဒီလောက် တိုက်ပွဲတွေဖြစ်နေတာတောင် အိမ်စီးကားတွေနဲ့ လာကြတယ်။သရက်ခြံဝိုင်းဆို သိန်းရာနဲ့ချီလောင်း ကြေးရှိတယ်။ဂျင်ဝိုင်းမှာ ဘီယာရတယ်။ကြက်ပေါင်ရတယ်။အဲဒီလောက် အစားအသောက်ဆိုင်တွေနဲ့ လိုင်းကြေး ပေးပြီးဖွင့်လို့ရတဲ့ စစ်ခွေးခေတ်ဆိုတော့ တရားဝင်ဖွင့်ခွင့်ရထားသလိုပဲ’လို့ ဒေသခံပြောက်ကျားရဲဘော်တစ်ဦးက ပြောပါတယ်။

သရက်ခြံဝိုင်းဟာ ပုလဲ-ပခုက္ကူကားလမ်းဘေးမှာ တည်ရှိပြီး ဂျင်ဝိုင်းသို့ အနီးဝန်းကျင် မြို့အစုံကနေ လာကစား ကြတယ်လို့ သိရပါတယ်။

ဒီနေ့မနက်၈နာရီခွဲလောက်မှာ ဂျင်ဝိုင်းဖွင့်ထားတဲ့ မွေ့တုံရွာထဲသို့ စစ်တပ်နဲ့ရဲ ပူးပေါင်းအင်အား၁၅ယောက် ရောက်လာပြီး ပစ်ခတ်ခဲ့ရာမွေ့တုံရွာသား အသက်၃၀ကျော်အရွယ် ကိုကျော်သူ သေနတ်ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ်အမျိုး သားတစ်ဦးဒဏ်ရာရခဲ့ပါတယ်။

‘ဘာလို့လာပစ်သလဲတော့မသိရသေးဘူး။ပစ်ပြီးရွာထဲ ပတ်ပြီးပြန်သွားတယ်။ပစ္စည်းလုတာတို့ ရွာကို ထပ်ဒုက္ခပေး တာတို့တော့မရှိဘူး’လို့ ပြောက်ကျားရဲဘော်ကပြောပါတယ်။

မွေ့တုံရွာဟာ ပုလဲမြို့အနောက်တောင်ဘက် ၆မိုင်ခန့်အကွာ က ယမားချောင်းဘေးမှာ တည်ရှိပါတယ်။