စစ်အုပ်စုကပုသိမ်-ချောင်းသာကားလမ်းဘေးတောတွေကို နေ့စဥ်ရှာဖွေရေးလုပ်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ပုသိမ်ချောင်းသာကားလမ်းဘေးက သစ်တောတွေထဲကို အကြမ်းဖက်စစ်အုပ်စုက နေ့စဥ်အင်အားသုံးရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

အောက်တိုဘာလ၁၃ရက်နေ့ ညထဲက စတင်ရှာဖွေနေတာဖြစ်ပြီး တောထဲမှာ မသင်္ကာစရာကားတစ်စီးနဲ့ လူတချို့တွေ့တယ်လို့ ဒလန်တွေက သတင်းပေးလို့ ခုလိုရှာနေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အောက်တိုဘာ၁၄ရက်နေ့က ရှောပြာသစ်တောကြိုးဝိုင်းဘက်က ခြောက်ကောင်ကျေးရွာနဲ့ ကလောခုံကျေးရွာ နှစ်ရွာကြားက တောတွေထဲကိုရှာဖွေခဲ့ပြီး ဒီနေ့နေ့လည်မှာတော့ ကားလမ်းဘေးက သစ်တိုပင် ရဲဘက်စခန်းနောက်က တောထဲကို အမဲလိုက်ခွေးတွေနဲ့၀င်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပုသိမ်လေတပ်ကနေ စစ်လေယာဉ်တွေနဲ့ တောအုပ်တွေပေါ် ပျံသန်းပြီး ကင်းထောက်ရှာဖွေမှုတွေပါ လုပ်နေတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ အဲ့တောထဲမှာ ထင်းခုတ်နေသူတွေရှိတာကြောင့် မှားယွင်းဖမ်းဆီးမှာ စိုးရိမ်နေရတယ်လို့ဆိုပါတယ်။

ခုလိုဒလန်တွေက PDFတွေရှိတယ်လို့ သတင်းပေးတာကြောင့် ၃ရက်ဆက်တိုက်ရှာဖွေနေတာဖြစ်ပြီး တောထဲမှာ စစ်အပ်စုက စခန်းချထားတယ်လို့လဲသိရပါတယ်။