ပုလဲတောင်ပေါ်ဒေသက တောထဲတိမ်းရှောင် လူ ၆၀၀၀ကျော် ရာသီတုပ်ကွေးဒဏ်ခံနေရ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် တောင်ပေါ်ဒေသက ရွာ၂၀ကျော်ဟာ တောထဲကိုထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီတုပ်ကွေးဖြစ်ပွားမှုနှုန်းလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်၊ပုလဲ-ဂန့်ဂေါကားလမ်းမ တောင်ဘက်ခြမ်းက တောင်ပေါ်ရွာ၂၀ကျော်ထဲကကန့်ဒေါင့်ရွာ၊ ၅၅မိုင်စ ခန်းရွာနဲ့ ပုံတောင်နတ်ထိပ်ရွာတို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ စခန်းချနေတာကြောင့် ဒေသခံတွေ ဟာ ရွာထဲမနေရဲကြဘဲ ကိုယ့်ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ တောတွေထဲ ဖြစ်သလိုသွားရောက်နေထိုင်နေရတာ တစ်ပတ်လောက်ကြာပြီလို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

‘တောထဲ ဖြစ်လိုတဲထိုးပြီး မိုးကာခင်းနေရတယ်။ဒီရက်ပိုင်းတွေမှာ မိုးနည်းနည်းရွာတာလည်းရှိတော့ ရွာလုံးကျွတ် ရာသီတုပ်ကွေးဖြစ်ကြတယ်။ကျွန်တော်တို့ဆီမှာ ဆရာဝန်ဆိုတာကလည်း ရွာ၂၀ကျော်မှာမှ CDM ဆရာဝန်တစ် ယောက်ပဲရှိတော့ ရွာထုံးစံအတိုင်း အပ်ပုန်းတွေနဲ့ ဆေးထိုး၊ဆေးစား ကုရတယ်။၂ရက်။၃ရက်နေရင်ပျောက်ကြ တယ်ဆိုပေမဲ့ အုံလိုက်ကျင်းလိုက်ကို ဖြစ်နေကြတာ။’လို့သူကပြောပါတယ်။

စစ်ရှောင်ရွာ၂၀ကျော်မှာ အိမ်ထောင်စု ၁၅၀၀ကျော်၊လူဦးရေအနေနဲ့ ၆၀၀၀ကျော်တို့ဟာ အဖိုးတန်ပစ္စည်းတွေနဲ့ အတူ အိမ်မွေးဝက်၊ကြက်နဲ့ နွားတို့ကိုပါ တပါတည်း ခေါ်ဆောင်စစ်ပြေးနေရတယ်လို့သိရပါတယ်။

‘စစ်ခွေးတွေရွာထဲဝင်လာပြီဆို ကြက်တွေဝက်တွေ နွားတွေ မြင်သမျှ အကုန်သတ်စားကြတာဆိုတော့ သူတို့လည်း စစ်ရှောင်နေရတယ်။ကိုယ့်ရိက္ခာကိုယ်ယူပြီး ရှောင်နေရတာ။လတ်တလောအချိန်ထိကတော့ ရိက္ခာမပြတ်သေး ဘူး။ရိက္ခာပြတ်လည်း ကျွန်တော်တို့တောင်ပေါ်ရွာတွေကို ဘယ်သူမှ လာလို့ မ ရ တော့ အလှူရှင်ဆိုတာလည်း မရှိပါ ဘူး’လို့ သူကပြောပါတယ်။

ပုလဲမြို့နယ်ကန့်ဒေါင့်ရွာကနေ ပုံတောင်နတ်ထိပ်ရွာအထိ အကြမ်းဖက်စစ်တပ်ယာဉ်နဲ့ သူတို့ခွင့်ပြုတဲ့ယာဉ်တွေ ကိုသာ ဖြတ်သန်းခွင့်ပြုတယ်လို့သိရပါတယ်။

‘လောင်စာဆီတင်တဲ့ကားတွေ၊သူတို့ကားတွေ၊သူတို့ရိက္ခာတင်တဲ့ကားနဲ့ စစ်တပ်ကိုလိုင်းကြေးပေးထားတဲ့ကား တွေပဲ ဖြတ်သန်းခွင့်ပြုထားတယ်’လို့ ဒေါင်းနက်ပြောက်ကျားခေါင်းဆောင်ကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီး သူတို့တောင်ပေါ်ရွာတွေမှာ MPT ဖုန်းလိုင်းမရတော့ဘဲ တယ်လီနော တစ်လိုင်းတည်းသာရတော့တယ်လို့ သိရပါတယ်။

‘အရင်က MPT နဲ့ တယ်လီနောရတယ်။အော်ရီဒူးကတော့နဂိုကတည်းကမမိဘူး။အင်တာနက်ကတော့ အဖြတ်ခံ ထားရတာကြာပြီ’လို့ သူကဆက်ပြောပါတယ်။

ကန့်ဒေါင့်ရွာမှာ ရဲနဲ့စစ်သား ၅၀ကျော်၊၅၅မိုင်စခန်းရွာမှာ စစ်သား၇၀ကျော်နဲ့ ပုံတောင်နတ်ထိပ်ရွာမှာ စစ်သား ၇၀ ကျော် အထိုင်စခန်းချနေပါတယ်။