ရုရှားနဲ့ တရုတ် ပူးပေါင်းပြီး ဂျပန်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

ရုရှားရေတပ်နဲ့ တရုတ်ရေတပ်တို့ ပူးပေါင်းပြီး ဂျပန်ပင်လယ်ပြင်မှာ မနေ့က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီလေ့ကျင့်မှုမှာ စစ်သင်္ဘော၊ ရေငုပ်သင်္ဘော၊ အထောက်အကူပြု ရေယာဉ်တွေအပြင် လေကြောင်း ပျံသန်းမှု လေ့ကျင်ရေးတွေပါ ပူးတွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားရေတပ်မှာတော့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး သင်္ဘောတစင်း၊ စစ်သင်္ဘောအငယ်စား နှစ်စင်း၊ မိုင်းရှင်းစစ်သင်္ဘောနှစ်စင်း၊ ရေငုပ်သင်္ဘောနဲ့ ဒုံးကျည်တင် သင်္ဘောတစင်းနဲ့ ရှာဖွေကယ်ဆယ်ရေး စစ်င်္ဘောတစင်း ပါဝင်ခဲ့ပါတယ်။

တရုတ်ရေတပ်မှာတော့ ဖျက်သင်္ဘောနှစ်စင်း၊ စစ်သင်္ဘောငယ်နှစ်စင်း၊ ဒီဇယ်ရေငုပ်သင်္ဘော တစင်း၊ ထောက်ပံ့ရေး စစ်သင်္ဘောတစင်းနဲ့ ကယ်ဆယ်ရေး သင်္ဘောတစင်း ပါဝင်ခဲ့ပါတယ်။

ဂျပန်ပင်လယ်ပြင်အတွင်း နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့အထိ လေ့ကျင့်သွားမှာဖြစ်ပါတယ်။

လေ့ကျင့်ရေးမှာ ပစိဖိတ်ရေတပ်အုပ်စုက လေယာဉ် ၁၂ စင်း၊ ရဟတ်ယာဉ်များအပြင် တရုတ်ရေတပ်တို့က စစ်ရေးလေ့ကျင့်မှုတွေ ပါဝင်လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ရေးလေ့ကျင်မှုအတွက်တော့ နှစ်နိုင်ငံ ရေတပ်ဦးစီးတွေအပြင် စစ်သည်တွေပါ နည်းဗျူဟာ စီမံခန့်ခွဲမှုတွေကို ပူးပေါင်း လုပ်ဆောင်ကြမှာဖြစ်ပါတယ်။

လေ့ကျင့်မှုမှာ မိုင်းရှင်းလင်းရေးလေ့ကျင့်မှု၊ ပစ်မှတ်တွေကို အမြောက်နဲ့ ပစ်ခတ်တာတွေနဲ့ ရန်သူ့ရေငုပ်သင်္ဘောတွေ ရှာဖွေ တားဆီးတဲ့ လေကျင့်ရေးတွေကို လုပ်ဆောင်ကြမှာဖြစ်ပါတယ်။