စစ်​ရှောင်​တွေရှိတဲ့ မြန်မာ-တရုတ်နယ်စပ်မှာ တရုတ်ဘက်က ခြံစည်းရိုး​တွေကာ​နေ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

ဩဂုတ်လဆန်းပိုင်းက စစ်အုပ်စုနဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲကြောင့် မူဆယ်မြို့နယ် ပန်ဆိုင်းမြို့အနီးက ရွာ ၇ ရွာဟာ မြန်မာ-တရုတ်နယ်စပ်အနီးမှာ တိမ်းရှောင်နေရချိန် တရုတ်ဘက်က ဒီသီတင်းပတ်အတွင်းမှာ ခြံစည်းရိုး​တွေ ကာ​နေပါတယ်။

စစ်ရှောင်တွေဟာ နေရာ ၃ ခုမှာ လူဦးရေ (၁,၄၀၄)ဦး တိမ်းရှောင်ခဲ့ရပြီး တရုတ်ဘက် မဝင်ဖို့နဲ့ ခြံစည်းရိုးတွေကို ဒီရက်ပိုင်းမှာပဲ အလျင်အမြန် တည်ဆောက်နေတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“မိုးတွင်းကာလ ဖြစ်နေတော့ ရေးကြီးမှာကို ကြောက်တယ်။ ကျန်းမာရေးမကောင်းမှာကိုလည်း စိုးရိမ်နေရတယ်”လို့ ​ဆိုပါတယ်။

အဲဒီဒေသက ရွာခံတွေဟာ ၂၀၁၁၊ ၂၀၁၆ နဲ့ ဒီနှစ်အပါအဝင် သုံးကြိမ် စစ်ရှောင်ခဲ့ရပြီး တရုတ်ဘက်က ၂၀၁၁ ခုနှစ်တုန်းကတော့ အစားအသောက်တစ်ချို့ လာရောက်ကူညီပေးတာ ရှိတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ အခြား စစ်ရှောင်တစ်ဦးကလည်း “အရင်ကဆို ဒီနယ်စပ်အုတ်မြစ်ကိုကျော်ပြီး စစ်ဘေးရှောင်လို့ရတယ်။ အခုတော့ ဒီမှာက ကလေးငယ်တွေ ကိုယ်ဝန်ဆောင်တွေရော ရှိတယ်။ ဒီအုတ်မြစ်မှာ ခြံစည်းရိုး မြန်မြန်လာလုပ်တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ တရုတ်ဘက်က စစ်ရှောင်တွေအတွက် လာရောက်ကူညီတာတွေ မတွေ့ရသေးပဲ နယ်စပ်ခြံစည်းရိုးကိုသာ တည်ဆောက်နေတာ တွေ့နေရတယ်လို့ ဆိုပါတယ်။

Credit – ​ရွှေဖီ​မြေသတင်း​အေဂျင်စီ