အခြေခံဆေးဝါးတွေနဲ့စားသောက်ကုန်တွေ စျေးနှုန်းမြင့်တက်လာ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ ရပ်တန့်သွားတဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ တန်ဖိုးဆက်တိုက်ကျဆင်းလာတဲ့ မြန်မာငွေကျပ်တန်ဖိုးတွေကြောင့် အခြေခံဆေးဝါးနဲ့ စားသောက်ကုန်တွေ စျေးနှုန်းမြင့်တက်လာနေပြီး ဆက်လက်မြင့်တက်ဖို့ရှိနေတယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒေါ်လာစျေးနှုန်းဟာ ဩဂုတ်လ ၁၇ရက်နေ့ ညနေပိုင်း စျေးကွက်ပိတ်သိမ်းချိန်မှာ ၁၇၇၀ကျပ်ထိ စံချိန်တင် စျေးနှုန်းမြင့်တက်သွားခဲ့ပြီးတော့ ပြည်တွင်း အခေါက်ရွှေစျေးနှုန်းဟာ ၁၇သိန်းကျပ်ဝန်းကျင်အထိ မြင့်တက်လာပါတယ်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာ ဩဂုတ်လ ၁၇ရက်နေ့မှာ အောက်တိန်း 95 Ron တစ်လီတာ ၁၁၂၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၁၀၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၀၅၀ ကျပ်၊ ပရီမီယံဒီီဇယ် တစ်လီတာ ၁၀၅၅ ကျပ်ထိ မြင့်တက်ခဲ့ပြီး ဒါဟာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့အာဏာကို မလုယူမှီအချိန်နဲ့ နှိုင်းယှဉ်ပါက ၆၀ရာခိုင်နှုန်းကျော်ခန့်ထိ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးက ဗေဒင်မေးစရာမလိုဘဲ ဆန်၊ဆီ၊ဆေးစျေးနှုန်းတွေ ကျဆင်းအောင် လုပ်ဆောင်ထားတယ်လို့ ထုတ်ဖော်ပြောဆိုအပြီးမှာ အခုလို စျေးနှုန်းတွေ ဆက်လက်မြင့်တက်နေခြင်းပဲဖြစ်ပါတယ်။

ဆန်စျေးနှုန်းတွေ တည်ငြိမ်ရေးအတွက် စစ်အုပ်စုဦးဆောင်မှုနဲ့ အစည်းအဝေးတွေ လုပ်ဆောင်အပြီးမှာ ပြည်တွင်း ဆန်စားသုံးမှု အများဆုံးဖြစ်တယ်၊ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ မနောသုခနဲ့ ရက်၉၀စပါးအနွယ်ဝင်တွေဟာ ၁၀၈ပေါင်တစ်အိတ်ကို ၂၀၀၀ကျပ်ခန့်ထိ စျေးနှုန်း ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ဆေးဝါးပြတ်လပ်မှုတွေ စျေးနှုန်းမြင့်တက်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ ဒေါ်လာစျေးနှုန်း ဆက်တိုက်မြင့်တက်နေတာကြောင့် ဆေးဝါးစျေးနှုန်းတွေပါ ဆက်တိုက်မြင့်တက်လာပြီး ဆေးကုမ္ပဏီအားလုံးဟာ ယခင်ဖြန့်ချီပေးနေတဲ့ ဆေးစျေးနှုန်းတွေထက် ပိုမိုတိုးမြှင့်ဖို့အတွက် ဆေးဆိုင်တွေကိုပါ အကြောင်းကြားစာတွေ ပေးပို့ထားတဲ့အထိ ဖြစ်ပေါ်နေခဲ့ပါတယ်။

 

စစ်အုပ်စုက ဆေးသိုလှောင်ရုံတွေကို ချိတ်ပိတ်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ တရားဝင်ဆေးဝါးတင်သွင်းသူတွေပါ သိုလှောင်ဖြန့်ချီရေးတွေ နှောင့်နှေးခဲ့ရသလို ဒေါ်လာစျေးနှုန်း မြင့်တက်နေမှုတွေကြောင့်လည်း ဆေးစျေးနှုန်းတွေ ဆက်တိုက်မြင့်တက်ဖို့ပဲရှိတယ်လို့ ဆေးဆိုင်တွေက ဆိုပါတယ်။

ဒါ့အပြင် ဒေါ်လာစျေးနှုန်းနဲ့ ရွှေစျေးနှုန်းဟာ စံချိန်တင်မြင့်တက်မှုတွေကို ဆက်လက်ကြုံတွေ့နေရဦးမယ်လို့ စီးပွါးရေးပညာရှင်တွေက ပြောပါတယ်။

“အခုချိန်မှာ ဘယ်သူမှ ကားမဝယ်ရဲဘူး၊ အိမ်ခြံမဝယ်ရဲဘူး၊ လုပ်ငန်းတွေ ရပ်နေတယ်၊ ဘဏ်တွေကို ယုံကြည်မှုမရှိတာမို့ သေချာတဲ့ ရွှေနဲ့ ဒေါ်လာကို မဖြစ်မနေကို ဝယ်နေကြလိမ့်မယ် အဲ့အတွက် စျေးနှုန်းက မကြုံဖူးတဲ့ စံချိန်တွေကို ထပ်မြင်လာရမှာပဲ၊ ဘဏ်အကောင့်တွေ စိတ်မချရမှုကလည်း ဘဏ်တွေထဲမှာ ငွေဆက်မထားချင်တော့တဲ့ ဆုံးဖြတ်ချက်အဖြစ် အလိုလိုတွန်းပို့လိုက်တာ အဲ့အတွက် ဒေါ်လာစျေးတက်မယ် ဒေါ်လာစျေးတက်ရင် အကုန်တက်မယ်၊ ပြည်ပတင်သွင်းရတာ အကုန်တက်မယ်၊ ပြည်ပက ဘာမှမသွင်းနဲ့ တားရင်လဲ အမှားပဲ ပြည်တွင်းမှာ အကုန်လုံးထိုးရပ်နေတာ ဘာမှလုပ်မရဘူး”လို့ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

အခြေခံပြည်သူတွေအကြားမှာ အငတ်ဘေးကို စတင်ရင်ဆိုင်နေရပြီး ကြာလကြာရှည်စွာ အလုပ်မရှိတာ၊ ကိုဗစ်စည်းကမ်းချက်တွေနဲ့ စစ်အုပ်စုရဲ့ စီမံကိန်းညံဖျင်းချက်တွေကြောင့် လည်ပတ်ဆဲ လုပ်ငန်းတွေ ရပ်တန့်ခဲ့ရတာကြောင့် အရေးပေါ်အကူညီတွေ လိုအပ်နေပြီဖြစ်ပါတယ်။