မင်းကင်းမြို့မှာ ရဲတစ်ယောက်က ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်

၁၇ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

မင်းကင်းမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဩဂုတ်လ ၁၇ရက်နေ့ နေ့လည်ပိုင်းက လုံခြုံရေးတာဝန်ယူနေတယ်ဆိုတဲ့ အကြမ်းဖက်စစ်အုပ်စုဝင် ရဲတပ်ကြပ်တစ်ဦးက ပြည်သူနှစ်ဦးကို သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။

ကျေးရွာဖက်ကနေ မင်းကင်းမြို့မှာ စျေးလာဝယ်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို Mask မတပ်လို့ဆိုပြီး အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ကြပ် ဆန်းဝင်းအောင်က

တားဆီးရိုက်နှက်ရာကနေ ပြည်သူနှစ်ဦးက ထွက်ပြေးတာကြောင့် သေနတ်နဲ့ ပစ်ခတ်ပြီး သတ်ဖြတ်ပစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်းတောကျေးရွာကတစ်ယောက်နဲ့ မင်းစားကျေးရွာကတစ်ယောက်က စျေးလာဝယ်လာတာ အဲ့ရုံးရှေ့ရောက်တော့ အဲ့ကရဲက Mask မတပ်လို့ဆိုပြီး ထွက်ရိုက်တယ်၊ ဟိုကကြောက်ပြီး ကာမိတော့ သေနတ်နဲ့ပစ်ထည့်လိုက်တာ အတူပါလာတဲ့ အမျိုးသမီးက ရင်ဘက်ကို သေနတ်မှန်သွားတော့ အမျိုးသားက ထွက်ပြေးတာကို ထပ်ပစ်ထည့်လိုက်တာ ခေါင်းကိုသေနတ်မှန်ပြီး ဆုံးသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ကျေးရွာနှစ်ဦးသား သေနတ်ဝင်လာတာကြောင့် ပြန်လည်ခုခံရင်း ကျည်ထွက်သွားပြီး သေဆုံးခဲ့တာလို့ လိမ်လည် သတင်းထုတ်ပြန်ထားပါတယ်။