ကမ္ဘာ့ရတနာဘဏ် မရမ်းကုန်း(သမိုင်းဘဏ်ခွဲ) ဓားပြတိုက်ခံရ

၃၀ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ၊ သမိုင်းမြို့ဟောင်း (၉)လမ်း တိုက်အမှတ် ၄၀၂မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့ရတနာဘဏ် မရမ်းကုန်း (သမိုင်းဘဏ်ခွဲ)မှာ ဩဂုတ်လ ၃၀ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်က ဓားပြတိုက်မှုတစ်ခုဖြစ်ပွါးခဲ့ပါတယ်။

 

အနီးဝန်းကျင်နေထိုင်သူတွေ ပြောဆိုချက်အရ Mark II ကားတစ်စင်းနဲ့ အမည်မသိသူ လေးဦးရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းတွေကို လက်နက်ပြကာ ဘဏ်ကငွေတွေကို ယူဆောင်သွားတာလို့ ဆိုပါတယ်။

 

“CCTVကနေ စစ်နေတယ်ပြောတယ် အခု ရဲနဲ့စစ်သားတွေ အများကြီးဘဲ၊ သိန်းတစ်ထောင်လောက်ပါသွားတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွါးနေချိန်မှာ ဘဏ်ဓားပြတိုက်မှု ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

“စီးတော့ Mark II ဖြစ်တဲ့အချိန်တွေ လုံခြုံရေးအရမ်းတင်းကြပ်ထားချိန်ဆိုတော့ သူတို့ဘဏ်ကိုပဲ သူတို့ ပြန်ဓားပြတိုက်နေသလိုပဲ စာရင်းဖျောက်လို့ကောင်းတာပေါ့”လို့ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ အကြီးတန်းဝန်ထမ်းတစ်ဦးကလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ကမ္ဘာ့ရတနာဘဏ်ဟာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနပိုင် ဘဏ်တစ်ခုဖြစ်ပြီး ယခင် မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံဖြိုးတိုးတက်မှုဘဏ်ကို အမည်ပြောင်းလဲကာ ဆက်လက်ဖွင့်လှစ်ထားတာဖြစ်ပြီး ယခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ထိန်းချုပ်မှုလက်အောက်ကို ရောက်ရှိနေတဲ့ ဘဏ်တစ်ခုဖြစ်ပဲဖြစ်ပါတယ်။

ဇူလိုင်လ၁၅ရက်နေ့ကလည်း ကမ္ဘာ့ရတနာဘဏ်ရဲ့ နန္ဒဝန်စျေးဘဏ်ခွဲမှာ ဓားပြတိုက်ခံရမှု ဖြစ်ပွါးခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း မရှိပါဘူး။