သောင်ရင်းမြစ်အောက်ဘက် ကောကော်ထနေရာမှာတိုက်ပွဲဖြစ်

၃၀၊ ဩဂုတ်လ၊ ၂၀၂၁။

ကရင်ပြည်နယ် ဖာပွန်ခရိုင် သံလွင်မြစ်ကမ်းရှိ ကောကော်ထဆိုတဲ့နေရာမှာ ဩဂုတ်လ ၃၀ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးအသံတွေဟာ ထိုင်းနိုင်ငံ မယ်လဦးဒုက္ခသည်စခန်းကနေ ကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ညနေထိုင်းစံတော်ချိန် ၁ နာရီခန့်မှာ သူးမွဲထ (သောင်ရင်းမြစ်) အောက်ဖက်တွင်လက်နက်ကြီးပစ်ခတ်သံ ၆ ချက်လောက်ကြားရတယ်လို့ ထိုင်းနိုင်ငံ မယ်ဟောင်ခရိုင်အတွင်းရှိ မယ်လဦးဒုက္ခသည်စခန်းမှနေထိုင်သူတချို့က ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပက်သက်ပြီး နယ်မြေခံ KNU တပ်ဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်ကြီးသံဟုတ်မှန်ကြောင်းအတည်ပြုပြီး သောင်ရင်းမြစ်အောက်ဖက်ရှိ ကောကော်ထမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ မြေပြင်သတင်းမရရှိသေးဘူးလို့ ဆက်လက်ပြောကြားပါတယ်။


ဒါ့အပြင် ထိုင်းစံတော်ချိန် ၁ နာရီလောက်မှာတစ်ကြိမ် လက်နက်ကြီးသံ ၆ ချက်ကြားရပြီး နောက်ထပ် ၃ နာရီ ၁၀ မိနစ်ခန့်မှာတစ်ကြိမ် လက်နက်ကြီးသံ ၁ ချက်ကြားရတယ်လို့ မယ်လဦးစခန်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

“၁ နာရီ ၃ မိနစ်မှာ ၆ ချက်ကြားရတယ်။ ၃ နာရီ ၁၆ မိနစ်မှာ တစ်ချက်ကြားရတယ်။ ၃ နာရီ ၁၀ မိနစ်လောက်မှာတစ်ကြိမ် ၂ ချက်ဆက်တိုက်ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးအသံကို မယ်လဦးစခန်းကနေကြားရတဲ့အတွက် တိုက်ပွဲသည်ပြင်းထန်နိုင်တယ်လို့ ဒေသခံကဆိုပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကနေ စခန်းတည်နေရာအကွာအဝေးသည် ကီလိုမီတာ ၄၀ ခန့်ရှိနိုင်တယ်လို့ ဒေသခံကခန့်မှန်းပါတယ်။

မယ်လယ်ထ၊ ကောကော်ထ၊ နို့ဒေးစတဲ့ဒေသတွေမှာ မကြာသေးခင်က စစ်ကောင်စီနဲ့ နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့တွေအလုံးအရင်းတက်လာတယ်လို့ ဒေသခံနဲ့ KNUသတင်းအရင်းမြစ်ပြောပြချက်အရသိရပါတယ်။
Credit- Salween Press