မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်မြို့ရွာကိုပြန်တိုက်နေတဲ့ လက်နက်ကိုင်အကြမ်းဖက်တွေလို့ ကုလအထူးကိုယ်စားလှယ်ပြော

၂၅၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာစစ်တပ်ဟာ ကမ္ဘာပေါ်မှာကိုယ့်ပြည်တွင်းက မြို့ရွာတွေကို ပြန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့လို့ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ ပြောကြားလိုက်ပါတယ်။

PDFလို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုတော့ ကြီးမားတဲ့စစ်တပ်ကို ဆန့်ကျင်တော်လှန်ရေးနဲ့ ခြုံခိုတိုက်ခိုက်နေတဲ့အဖွဲ့တွေလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် တွမ်အန်ဒရူးက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနော် စစ်အုပ်စုရဲ့အကြမ်းဖက်မှုကြောင့် ပြည်သူ ၁၁၀၀ကျော် သေဆုံးခဲ့ရပြီး၈၀၀၀ကျော်ကိုဖမ်းဆီး ထိန်းသိမ်းခဲ့သလို ပြည်သူနှစ်သိန်းခွဲနီးပါး အဓမ္မနေရာ ပြောင်းရွှေ့ခံခဲ့ကြရပါတယ်။

စစ်အုပ်စုဟာ သူတို့ဖမ်းချင်တဲ့သူကိုမမိရင် မိသားစုဝင်တွေကို ဓားစားခံအဖြစ်ဖမ်းဆီးခဲ့ပြီး အဲဒီလို အဖမ်းခံရသူ အနည်းဆုံး ၁၇၇ဦးရှိပြီလို့လည်း ပြောပါတယ်။

ဆက်လက်ပြီး ကုလအထူးကိုယ်စားလှယ်က စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ၁ရက်နေ့ကနေ သြဂုတ်၂၅ရက်အတွင်း အကြမ်းဖက်မှုလုပ်ရပ်ပေါင်း အနည်းဆုံး၂၆၀ ၀န်းကျင်ရှိတယ် ၊

ဒါ့အပြင် မြန်မာပြည်သူ ၃သန်းဝန်းကျင်ဟာ အကူအညီအမြန်လိုအပ်နေပြီလို့လည်း ပြောကြား ခဲ့ပါသေးတယ်။

ဆုတ်ယုတ်ကျဆင်းနေတဲ့ မြန်မာနိုင်ငံအနေအထားကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း ရဲ့ကြိုးပမ်းမှုတွေ မအောင်မမြင်ဖြစ်နေတဲ့အတွက် လမ်းကြောင်းပြောင်းဖို့လိုအပ်နေပြီလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

စစ်အုပ်စုဟာ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေတဲ့အချိန်မှာပဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေကို စိတ်အားထန်သန်စွာ ကျူးလွန်ဆဲဖြစ်ပါတယ်။