မြန်မာနိုင်ငံဟာ လုံးဝပြိုလဲတော့မယ်လို့ ကုလမဟာမင်းကြီး ပြော

၂၄၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံဟာ လုံးဝပြိုလဲတော့မယ့် အခြေအနေကို နီးကပ်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ်ဘက်ချလက်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မီရှဲလ်ဘက်ချလက်က မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တင်သွင်းခဲ့တာပါ။

ကုလမဟာမင်းကြီးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖို့နဲ့ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေမဖြစ်အောင် တားဆီးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို နှစ်ဆတိုး ကြိုးပမ်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

 

စစ်အုပ်စုက အာဏာသိမ်းလိုက်ပြီးနောက်မှာ မျိုးစုံဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေထဲက တချို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်။ ဒါကြောင့် ကျူးလွန်သူတွေ တာဝန်ခံမှုရှိလာအောင် နိုင်ငံတကာက ဝင်ရောက်ဆောင်ရွက်သင့်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်အတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် ထန်ထလန်မြို့ တစ်မြို့လုံးနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“အရပ်သား ပြည်သူတွေနေထိုင်တဲ့ လူနေရပ်ကွက်တွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဝတ်ပြုကိုးကွယ်ရာနေရာတွေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးထားတဲ့ တခြားအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအားလုံးကို ချက်ချင်းရပ်တန့်ပါ”လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက အကူညီလိုအပ်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားမှု ကူညီသူ ပေးအပ်တာ ခွင့်ပြုဖို့လည်း ကုလမဟာမင်းကြီးက တိုက်တွန်းပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေဟာ အကာအကွယ်ပေးရမယ့် သူတွေပါ။ ပစ်မှတ်ထားဖြိုခွင်းရမှာ မဟုတ်ပါဘူး။ ဒေသခံ အရပ်သားတွေဆိုတာကလည်း အကူညီတွေ ပေးအပ်တဲ့နေရာမှာ အဓိကထားပြီး ပူးပေါင်းဆောင်ရွက်ရမယ့် သူတွေဖြစ်ပါတယ်”လို့ သူက စစ်အုပ်စုကို ရည်ညွှန်းတိုက်တွန်းခဲ့ပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ ကျူးလွန်မှုတွေကို ရပ်တန့်မယ့် လက္ခဏာမရှိတာကြောင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ အဆိုးရွားဆုံး ဖြစ်မလာခင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ချက်ချင်းဆောင်ရွက်ဖို့ လိုနေပြီလို့လည်း ဆိုပါတယ်။

“မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ အလေးထားမှုကို၊ ကုလသမဂ္ဂရဲ့ တုံ့ပြန်မှုတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေအတွက် အင်မတန်အရှက်ရစရာကြီးပဲပါ၊ ဒါပေမဲ့ စစ်ခေါင်းတွေဟာ အရှက်မရှိကြဘူးဆိုတော့ ပြောသမျှတွေဟာ အလကားဖြစ်နေပါတယ်။ ဒါကြောင့် UN ရဲ့ ပြောဆိုမှု​တွေ တကယ်လက်တွေ့ဖြစ်လာဖို့ အရေးတကြီးလိုနေပါတယ်”လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ပေါ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ကုလမဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။