အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဖို့ အရေးတကြီးလိုနေတဲ့အကြောင်း အမေရိကန်-အာဆီယံဆွေးနွေး

၂၄၊ စက်တင်ဘာလ၊ ၂၀၂၁။

အာဆီယံ ဘုံသဘာတူညီချက် ၅ ချက်ကို လိုက်နာလာအောင် မြန်မာအကြမ်းဖက် စစ်စုကို ဖိအားပေးဖို့ အရေးတကြီးလိုအပ်နေတဲ့အကြောင်း အမေရိကန်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒေသစံတော်ချိန် စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မြို့ ကုလသဂ္ဂအထွေထွေညီလာခံပြင်ပမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဧပြီ ၂၄ ရက်နေ့၊ အာဆီယံထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲက တစ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဆိုင်အထူးသံတမန် ခန့်အပ်ဖို့ကို နောက်ထပ် အချိန်သုံးလထပ်ယူပြီးမှာ ပြီးမြောက်ခဲ့တာပါ။

အခု အာဏာသိမ်းကာလ ၇ လခွဲအထိ ရောက်ရှိလာပေမယ့် မြန်မာနိုင်ငံထဲကို အာဆီယံအထူးသံ ဝင်ခွင့်ရရေးပင် မရေရာသေးသလို စစ်အုပ်စု ကျူးလွန်နေတဲ့ အကြမ်းဖက်မှုမျိုးစုံအပေါ် အာဆီယံအနေနဲ့ ကန့်ကွက်တာမျိုးမရှိပါဘူး။ ဒါကြောင့် မြန်မာ့အရေး အာဆီယံမူ ၅ ချက်အပေါ် မြန်မာပြည်သူတို့ ဘယ်လိုမှ ခံတွင်းမတွေ့ဖြစ်နေပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူတွေကလည်း အာဆီယံ မူ ၅ ချက်ဟာ တိကျတဲ့ အချိန်ကာလ သတ်မှတ်ချက် မပါတာ၊ အာဆီယံက အကြမ်းဖက်စစ်အုပ်စုကိုသာ ဆက်ဆံပြီး အမျိုးသား ညီညွတ်ရေး အစိုးရကို တရားဝင် ဆက်ဆံဖို့ ဝန်လေးနေတာ၊ စစ်အုပ်စုကို ဖိအားပေးဖို့ ဆန္ဒမရှိတာတွေက အလုပ်မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။