မြန်မာပြည်သူတွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုကို နားလည်တယ်လို့ အမေရိကန် သံအမတ်ဟောင်းပြော

၂၃၊ စက်တင်ဘာလ၊ ၂၀၂၁။

မြန်မာပြည်သူတချို့က အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်တဲ့နည်းလမ်းနဲ့ တုံ့ပြန်လာတဲ့အပေါ် နားလည်ပေးနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာရှယ်က ပြောပါတယ်။

စက်တင်ဘာ ၂၂ရက်နေ့၊ အမေရိကန် ရေးတက္ကသိုလ်မှာပြုလုပ်တဲ့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေအကြောင်း ဆွေးနွေးပွဲမှာ မစ္စတာ စကော့မာရှယ်က ပြောခဲ့တာပါ။

မြန်မာပြည်သူတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် စစ်အုပ်စုက လက်မခံလို့ လက်နက်စွဲကိုင်ကြတဲ့အတွက် နားလည်ပေးနိုင်တယ်လို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြ ဆန့်ကျင်ခဲ့တဲ့ ပြည်သူတွေကို စစ်အုပ်စုဘက်ကတော့ ပစ်ခတ်နှိမ်နင်း သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တာပါ။

ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူငယ်တွေဟာ ရရာလက်နက်ဆွဲကိုင်ကာ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်ကို ခုခံခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးးအစိုးရက ခုခံတော်လှန်စစ် စတင်ပြီလို့ စက်တင်ဘာ ၇ ရက်မှာ ကြေညာပြီးနောက်ပိုင်း မြို့ပြ ပျောက်ကြားတိုက်ပွဲတွေ ပိုအသက်ဝင်လာသလို စစ်အုပ်စုကလည်း အိုးဖျက်အိမ်ဖျက် အရက်စက်ဆုံး နည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်နေပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရက ခုခံတော်လှန်စစ် စတင်ပြီလို့ ကြေညာပြီးတဲ့နောက် အမေရိကန်နဲ့ အနောက်နိုင်ငံအချို့ဟာ အကြမ်းဖက်တိုက်ခိုက်မှာကို အားမပေးဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။

မစ္စတာ စကော့မာရှယ်ကတော့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနည်းက ဖြေရှင်းဖို့ အချိန်မတန်သေးဘူးလို့ ဆွေးနွေးပွဲမှာ သုံးသပ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အင်မတန်ဆိုးရွားလွန်းလှတဲ့ အင်အားသုံး ဖြိုခွဲမှုတွေကြောင့် အခုလို အခြေအနေမျိုး ဖြစ်လာတာလို့လည်း သူက ပြောပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံအချို့က မြန်မာပြည်သူတွေရဲ့ တုံ့ပြန်တိုက်ခိုက်တာကို ထောက်ခံကြောင်း ပြသဖို့ ခက်ခဲနိုင်ပေမယ့် အမေရိကန် အစိုးရရဲ့ ထုတ်ပြန်ချက်တွေဟာ မြန်မာနိုင်ငံအရေး အဖြစ်အပျက်အားလုံးအတွက် စစ်အုပ်စုမှာ တာဝန်ရှိတယ်လို့ ပြတ်ပြတ်သားသား ဖော်ပြထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

 

“စစ်တပ်ဟာ မြန်မာနိုင်ငံတည်ငြိမ်မှုပြန်ရဖို့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်းလည်း မရှိဘူးလို့”သူက ဆိုပါတယ်။

စစ်အုပ်ဝင် အရာရှိတွေအနေနဲ့ သူတို့အနိုင်ရမှာ မဟုတ်ဘူးလို့ သဘောပေါက်လာတဲ့အထိ ရေရှည်ဖိအားပေးဖို့ လိုပြီး အဲ့ဒီလို့ သဘောပေါက်လာတဲ့အခါ အပေးအယူလုပ်ဖို့ လက်ခံလာလိမ့်မယ်လို့လည်း ဆိုပါတယ်။

“အဲဒီလိုအခြေအနေရောက်မှ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ရမယ့် အချိန်ရောက်ပါလိမ့်မယ်”လို့ သူက ဆက်ပြောပါတယ်။

အကြမ်းဖက်အုပ်စုဟာ လက်ရှိအချိန်ထိ အကြမ်းဖက်ပစ်သတ် ဖမ်းဆီးတဲ့ နည်းလမ်းကိုသာ မဟာဗျူဟာမြောက် ကျင့်သုံးနေပြီး စက်တာဘာ ၂၂ ရက်နေ့အထိ ကျဆုံး ပြည်သူ ၁၁၂၀ ရှိပြီလို့ AAPP က ထုတ်ပြန်ပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေလည်း တဖြည်းဖြည်းများလာနေပါပြီ။

စက်တင်ဘာ ၂၂ ရက်နေ့ ဆွေးနွေးပွဲကို မင်နီဆိုတာပြည်နယ် Carleton College က နိုင်ငံတကာ ရေးရာ ပါမောက္ခ ဦးထွန်းမြင့် PEN Myanmar က စာရေးဆရာမ မသီတာ (စမ်းချောင်း) နဲ့ ချင်းတိုင်းရင်းသား ပါရဂူကျောင်းသား ဒေးဗစ်မိုးတို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။