ဝေါမောကျေးရွာတိုက်ပွဲအတွင်း စစ်အုပ်စုက တစ်ဦးသေ

၂၂၊ စက်တင်ဘာလ ၊ ၂၀၂၁။

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် နို့တကောမြို့နယ် ဝေါမောကျေးရွာ တံတားဦးမှာ ဒီကနေ့ စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည် ၁၁နာရီခန့်က အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနဲ့ KNLAတို့ တိုက်ပွဲဖြစ်ပွါးရာမှာ စစ်အုပ်စုက တစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ နို့တကောမြို့နယ် သတင်းနဲ့ပြန်ကြားရေးက ပြောပါတယ်။

KNUထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ဘုရားငုတ္တိုကျေးရွာမှာ တပ်စွဲဖို့ စစ်အုပ်စုလက်အောက်ခံ ခမရ ၄၃၂တပ်ရင်းက အင်အား ၇၀ခန့်နဲ့ နယ်မြေကျူးကျော်ဝင်ရောက်လာတာကြောင့် KNLA တပ်ရင်း (၁၇) တပ်ခွဲ(၂)နဲ့ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

“အာဏာသိမ်းစစ်အုပ်စုက ကျတော်တို့ ထိန်းချုပ်နယ်မြေဖြစ်သည့် ဘုရားငုတ္တိုကျေးရွာမှာ အခြေချဖို့၊ နယ်ချဲ့ဖို့ အတွက် ကျတော်တို့ဆီကို (၂)ကြိမ် တောင်းဆိုလာခဲ့တယ်။ ကျနော်တို့က သူတို့ကို လက်မခံဘူး။ အဲ့အတွက်ကြောင့် အာဏာသိမ်းစစ်အုပ်စုဘက်က ယနေ့တွင် အင်အား(၇၀)ခန့်နှင့် လက်နက်အပြည့်အစုံ ယူလာပြီး ဘုရားငုတ္တိုကို မရောက်ခင် ဝေါမာကျေးရွာ တံတားဦးတွင် ကျနော်တို့ဘက်က တပ်နဲ့ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်”လို့ KNU- နို့တကောမြို့နယ် တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဝေါမောကျေးရွာ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်အချို့ ကျည်ဆံထိမှန်ပြီး ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

KNU ဒူးပလာယာခရိုင် အမှတ်(၆) တပ်မဟာ၊ ဝင်းရေးမြို့နယ် တပ်ရင်း (၁၆)ဘက်မှာလည်း အကြမ်းဖက်စစ်အုပ်စုက တပ်သားတွေကို လျှို့ဝှက်ပို့ဆောင်ပြီး စစ်အင်အားဖြည့်ဆည်းနေခဲ့တယ်လို့ တပ်ရင်းထုတ်ပြန်စာတွေအရ သိရပါတယ်။