ကိုဗစ်ဗိုင်းရပ်စ် ဖြစ်ပွားစေတဲ့ လင်းနို့ဗိုင်းရပ်စ်တစ်မျိုး လာအိုမှာတွေ့

၂၁၊ စက်တင်ဘာလ၊ ၂၀၂၁။

လာအိုနိုင်ငံမှာ တွေ့ရှိထားတဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ လက်ရှိကမ္ဘာအနှံ့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇနဲ့ အနီးစပ်ဆုံး တူညီနေတယ်လို့ လာအိုနဲ့ ပြင်သစ် သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရ သိရပါတယ်။

လင်းနို့ဗိုင်းရပ်စ်တွေလို့ အမည်ရတဲ့ ဒီဗိုင်းရပ်စ်အမျိုးအစားဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါရဲ့ ရှေးပြေးဗိုင်းရပ်စ်တွေလို့တောင် ပြောဆိုလို့ရတဲ့အထိ အနီးစပ်ဆုံး တူညီနေခဲ့တာပါ။

သုတေသနပညာရှင်တွေဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းက အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇနမူနာတွေကို စုဆောင်းခဲ့ကြတာဖြစ်ပြီး အမျိုးအစား ၃ မျိုးလောက် ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လာအိုနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ထုံးကျောက်ဂူတွေက မြင်းခွာပုံလင်းနို့တွေဆီမှာ ကိုဗစ်ဗိုင်းရပ်စ်ဖြစ်ပွားစေတဲ့ Sars-CoV-2 ရဲ့ အဓိက အစိတ်အပိုင်းတချို့ အများဆုံး ပါဝင်နေတာဖြစ်ပါတယ်။

“ဒီဗိုင်းရပ်စ်တွေဟာ Sars-CoV-2 ဖြစ်ပွားမှုရဲ့ မူလအစကို အထောက်အပံ့ပေးပြီး လူတွေဆီကို တိုက်ရိုက်ကူးစက်နိုင်ခြေရှိတဲ့ အစိတ်အပိုင်းတွေပါ”လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇွန်လလောက်မှာလည်း အခုလို မြင်းခွာပုံ လင်းနို့တွေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုရှာဖွေတွေ့ရှိထားတဲ့ သုတေသနပညာရှင်တွေရဲ့ အဆိုမှာတော့ ဒီလင်းနို့ဗိုင်းရပ်စ်တွေဟာ ကပ်ရောဂါရဲ့ ရှေးပြေးတွေသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။