စီရော်နယ်ဒို လေးဂိုး မက်ဆီ ဂိုးမရှိတဲ့လား

၂၁၊ စက်တင်ဘာလ၊ ၂၀၂၁။

Daily Mail သတင်းဌာနကတော့ အပေါ်က ခေါင်းစဉ်အတိုင်း စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ လက်ရှိ အခင်းအကျင်းကို စောစောစီးစီး ချပြလိုက်တာပါ။

စီရော်နယ်ဒိုကတော့ အသင်းဟောင်း မန်ယူအသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီးနောက် လက်ရှိမှာ အသင်းရဲ့ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းပေးနေပါတယ်။

မက်ဆီကတော့ ဘာစီလိုနာအလွန် သူ့ရဲ့ စားကျက်မြေသစ် ပြင်သစ်ကို ရွေးချယ်ခဲ့ပေမယ့် ပီအက်စ်ဂျီမှာ ထင်သလောက် အစွမ်းမပြနိုင်သေးပဲ ရှိနေပါတယ်။

စီရော်နယ်ဒိုနဲ့ မက်ဆီဟာ အခုအခါ ကိုယ်စားပြုနေတဲ့ အသင်းအတွက် ပြိုင်ပွဲစုံ ၃ ပွဲစီ ကစားခဲ့ပြီးပါပြီ။ ဒီအခြေအနေမှာ စီရော်နယ်ဒိုက သွင်းဂိုး ၄ ဂိုး သွင်းထားနိုင်ခဲ့ပါတယ်။

မက်ဆီကတော့ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေ မသွင်းပေးနိုင်သေးပေမယ့် ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ သူ့ရဲ့ ကစားဟန်အတိုင်း ခြေစွမ်းပြကစားထားပါတယ်။

အသင်းအတွက် ကစားချိန်တွေမှာ စီရော်နယ်ဒိုက မန်ယူအသင်းအတွက် ၂၈၂ မိနစ် ကစားထားပြီး မက်ဆီကတော့ ပီအက်စ်ဂျီအသင်းအတွက် မိနစ် ၁၉၀ ကစားထားပြီးပါပြီ။

သူတို့ နှစ်ဦးစလုံး ကစားထားတဲ့ ၃ ပွဲစီမှာ စီရော်နယ်ဒိုက ကန်သွင်းမှု ၁၅ ကြိမ်ပြုလုပ်ထားပြီး ဂိုးပေါက်တည့်တာ ၈ ကြိမ်အထိ ရှိခဲ့ပါတယ်။

မက်ဆီကတော့ ကန်သွင်းမှု ၇ ကြိမ်ပြုလုပ်ထားတာမှာ ဂိုးပေါက်တည့်တာ ၃ ကြိမ်ပါ။ ဒါပေမဲ့ ကစားခွင့်ရထားတဲ့ မိနစ်တွေမှာတော့ မက်ဆီက စီရော်နယ်ဒိုထက် ဘောလုံးပွဲတစ်ပွဲစာလောက်ကို လျော့နည်းနေတာပါ။

ရာသီအစပွဲစဉ်တွေရဲ့ အချက်အလက်တွေကို ကြည့်ရင် သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်ဟာ ခြားနားနေတာကို မြင်ရပါတယ်။ ဒါဟာ ကစား နှစ်ဦးစလုံးရဲ့ အသင်းတွေနဲ့ နီးစပ်မှုကလည်း တစိတ်တဒေသ ပတ်သက်မှု ရှိနိုင်ပါတယ်။

ဥပမာ အိမ်ကို ပြန်လာရတဲ့ အခြေအနေနဲ့ အဝေးတစ်နေရာကို ထွက်ခွာရတဲ့ အခြေအနေနှစ်ခု ကွာခြားမှု ပုံစံပါပဲ။ မက်ဆီဟာ သွင်းဂိုးတွေနဲ့ မွေးဖွားလာခဲ့သူပီပီ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေ ပျောက်နေမှုမှာ အချိန်တစ်ခုထိတော့ စောင့်ရမယ့် ပုံစံဖြစ်ပါတယ်။

ပရိသတ်တွေ ပြောဆိုနေကြသလို စီရော်နယ်ဒိုဟာ ဘယ်လိဂ် ဘယ်ပြိုင်ပွဲမှာမဆို အဆင်ပြေပြေ ဖြတ်သန်းနိုင်ပြီး ဘောလုံးခရီးသည်တစ်ဦးလို အတွေ့အကြုံတွေ များပြားနေပါတယ်။

မက်ဆီအတွက်ကတော့ သူဟာ ဘာစီလိုနာအသင်းနဲ့ပဲ ကစားသမားဘဝကုန်လုနီးပါး ဖြတ်သန်းခဲ့တာတွေက ဘာစီလိုနာအလွန် အသင်းသစ်ပြောင်းရွှေ့မှုမှာ အခက်အခဲတစ်ခုအဖြစ် ရှိနေမလားဆိုတာကလည်း အရေးပါနေပြန်ပါတယ်။

ဒါကြောင့် ဘယ်လိုပဲ ထင်ကြေးတွေ ရှိနေပါစေ။ Daily Mail သတင်းဌာနက ဖော်ပြချက်အတိုင်း မက်ဆီဟာ စီရော်နယ်ဒိုကို မယှဉ်နိုင်တော့ဘူးလား။ ဒါမှမဟုတ် သူတို့ နှစ်ဦးကြားက အချက်အလက်တွေကို ပြောဆိုနေတာတွေက စောနေသေးသလားဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။က်တင်ဘာလ၊ ၂၀၂၁။