ညကကစားခဲ့တဲ့ ဥရောပ အမှတ်ပေးပွဲစဉ်တွေက ပွဲပြီးပြောစကားအချိူ့နဲ့ ရလာဒ်

၂၀၊ စက်တင်ဘာလ၊ ၂၀၂၁။

မနေ့ညက ကစားခဲ့တဲ့ ဥရောပအမှတ်ပေးပွဲစဉ်တွေက အသင်းကြီး ပွဲစဉ်တချို့ဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်ဟာ တစ်မှတ်စီခွဲယူမယ့် အခြေအနေတစ်ခုလို့ ထင်မှတ်ခဲ့ပေမယ့် မန်ယူကစားသမားလင်ဂတ်ရဲ့ နောက်ကျသွင်းဂိုး၊ ဝက်စ်ဟမ်းအသင်းရဲ့ ပင်နယ်တီမဝင်မှုတွေက မန်ယူအသင်းအတွက် အခွင့်အရေးဖြစ်စေပြီး ဝက်စ်ဟမ်း ၁-၂ မန်ယူဆိုတဲ့ ရလဒ်နဲ့ အဆုံးသတ်ခဲ့ရတာပါ။

သွင်းဂိုးတွေကိုတော့ ဝက်စ်ဟမ်းအသင်းဘက်က ဘင်ရာမားက သွင်းယူပေးပြီး မန်ယူအသင်းရဲ့ သွင်းဂိုးတွေကိုတော့ စီရော်နယ်ဒိုနဲ့ လင်ဂတ်တို့က သွင်းယူပေးခဲ့ပါတယ်။

လင်ဂတ်ရဲ့ သွင်းဂိုးအတွက် နည်းပြဆိုးလ်ရှားက “အင်္ဂါနေ့က ချန်ပီယံလိဂ်အပြီးမှာ သူတောင်းပန်ခဲ့တယ်။ ဒါဟာမလိုအပ်ပါဘူး။ အားလုံးနားလည်နိုင်ပါတယ်။ အခုပွဲမှာတော့ သူဟာ ပြောင်မြောက်လွန်းပါတယ်”လို့ ပြောကြားပါတယ်။

လန်ဒန်ဒါဘီပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အသင်းပွဲစဉ်ကတော့ အမှတ်လိုအပ်ချက်နဲ့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် အနေအထားလို့ ထင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းရဲ့ စုဖွဲ့မှုဟာ အခုအချိန်ထိ အမှားအယွင်း မရှိသေးတာကြောင့် အိမ်ရှင်စပါးကို သုံးဂိုးပြတ်ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

စပါးအသင်းကတော့ အခုရှုံးပွဲကြောင့် နောက်ဆုံးပြိုင်ပွဲစုံ သုံးပွဲမှာ နိုင်ပွဲပျောက်နေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအက် သွင်းဂိုးတွေကို သီယာဂိုဆေးလ်ဗား၊ ကန်တီနဲ့ ရူဒီဂါတို့က သွင်းယူပေးခဲ့ပါတယ်။

နိုင်ပွဲနဲ့ ပတ်သက်လို့ ချဲလ်ဆီးနည်းပြ တူချယ်က “ပထမပိုင်းခြေစွမ်းက လုံးဝပျော်ရွှင်စရာမကောင်းပါဘူး။ ဒုတိယပိုင်းမှာတော့ ကီပါနဲ့ သီယာဂိုဆေးလ်ဗားတို့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေ ပိုကောင်းတာတွေ့ရတယ်”လို့ ပြောပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ချန်ပီယံလိဂ်က အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အမှတ်ပေးပွဲစဉ်မှာတော့ လိုအပ်တဲ့ နိုင်ပွဲကို ရရှိခဲ့ပါတယ်။ ကစားခဲ့တဲ့ အမှတ်ပေးပြိုင်ပွဲ ခြောက်ပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်ထားပြီး ပြင်သစ်လီဂူးအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ထားပါတယ်။

ပီအက်စ်ဂျီ ၂-၁ လိုင်ယွန်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို နေမာက ပင်နယ်တီနဲ့ အချိန်ပို မိနစ်မှာတော့ အိုင်ကာဒီက သွင်းယူပေးခဲ့တာပါ။ လိုင်ယွန်အသင်းအတွက် သွင်းဂိုးကိုတော့ ပါကွီတာက သွင်းယူခဲ့တာပါ။

“မက်ဆီကို လူစားလဲခဲ့တာကတော့ ဖြစ်နိုင်ချေရှိတဲ့ ဒဏ်ရာပြဿနာတွေကို ကာကွယ်ဖို့ပါ။ ငါတို့မှာ အရေးကြီးတဲ့ ပွဲတွေရှိသေးတယ်”လို့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ပြောပါတယ်။ မက်ဆီဟာ ပွဲကစားချိန် ၇၅ မိနစ်လောက်မှာ ဟာကီမီနဲ့ လူစားလဲခံခဲ့ရပါတယ်။

ဂျူဗင်တပ်စ်နဲ့ အေစီမီလန်ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီနဲ့ တစ်မှတ်စီ ခွဲယူခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုးကိုတော့ မိုရာတက သွင်းယူပေးခဲ့ပြီး အေစီမီလန်အသင်းအတွက် သွင်းဂိုးကိုတော့ ရီဘစ်က သွင်းယူပေးခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းကတော့ လက်ရှိအချိန်ထိ သရေပွဲ နှစ်ပွဲ၊ ရှုံးပွဲ နှစ်ပွဲရလဒ်ကြောင့် စီးရီးအေအမှတ်ပေးဇယား အဆင့် ၁၈ မှာ ရပ်တည်နေပြီး အေစီမီလန်အသင်းကတော့ အဆင့် ၂ နေရာမှာ ရပ်တည်ထားပါတယ်။

လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဗလင်စီယာအသင်းကို တစ်ဂိုး နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး သွင်းဂိုးတွေကို ဗင်နီစီးယက်စ်နဲ့ ဘန်ဇီးမားတို့က သွင်းယူပေးခဲ့ပါတယ်။ ဗလင်စီယာအသင်းအတွက် သွင်းဂိုးကိုတော့ ဒူရိုက သွင်းယူပေးခဲ့တာပါ။

နိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပြီး ဗလန်စီယာအသင်းကတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။