မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို လာမယ့်နှစ်မှာ ကျင်းပသွားမယ်လို့ လိဂ်ကော်မတီထုတ်ပြန်

၂ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲကို လာမယ့်နှစ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက စက်တင်ဘာ ၁ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်တတိယလှိုင်း အခြေအနေတွေကြောင့် အမှတ်ပေးပြိုင်ပွဲနဲ့ ရှုံးထွက်ပြိုင်ပွဲတွေကို ဒီနှစ်မှာ မကျင်းပနိုင်တော့ဘဲ မြန်မာနေရှင်နယ်လိဂ် ကော်မတီနဲ့ ပြိုင်ပွဲဝင်ကလပ်အသင်းတွေ အားလုံး ညှိနှိုင်းဆွေးနွေးပြီးနောက် အခုလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဘောလုံးရာသီကို မူလက အခုနှစ်ရဲ့ ဧပြီ(သို့) မေလအကုန်ပိုင်းမှာ စတင်ကျင်းပဖို့ စီစဉ်ထားခဲ့ပေမဲ့ နိုင်ငံအဝှမ်း ပြင်းထန်စွာပြန့်နှံ့ကူးစက်နေတဲ့ COVID-19 တတိယလှိုင်း အခြေနေတွေကြောင့် ပြောင်းရွှေ့ခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

 

အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယား၊ ဘရူနိူင်းနိုင်ငံ အပါအဝင် အာရှနိုင်ငံ အချို့မှာလည်း ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုမြင့်တက်နေလို့ နေလို့ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေကို လာမယ့်နှစ်မှသာ ပြန်လည်ကျင်းပဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာသိမ်းပြီးနောက် မတ်လ ၂၇ ရက်နေ့ ရန်ကုန်မြို့ အင်းစိန်ရွာမမှာ ပြုလုပ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ဟံသာဝတီယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ချစ်ဘိုဘိုငြိမ်းဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပေမယ့် အကြမ်းဖက် စစ်အုပ်စုလက်ချက်ကြောင့် ဝမ်းဗိုက် ကျည်ထိမှန် ဒဏ်ရာနဲ့ အသက်သေဆုံးခဲ့ရပါတယ်။