၄၄ လမ်းဖြစ်စဉ်မှာ ကျဆုံးခဲ့တဲ့ မဝေဝေမြင့်ရဲ့ ဈာပန အရိုးပြာကောက်ခွင့်မရ

၁၁ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အကြမ်းဖက်စစ်အုပ်စုဝင်တွေ ဝင်ရောက်စီးနင်းလို့ ၄၄ လမ်း တိုက်ပေါ်က ခုန်ချသေဆုံးခဲ့တဲ့ မဝေဝေမြင့်ကို ဒီကနေ့မှာ မီးသဂြိုလ်လိုက်ပြီလို့ ခင်ပွန်းဖြစ်သူက သူ့ရဲ့ဖေဘုတ်စာမျက်နှာကနေတဆင့် အသိပေးခဲ့ပါတယ်။

မဝေဝေမြင့်ရဲ့ နောက်ဆုံးခရီးမှာ အရိုးပြာကောက်ခွင့် ၊ ဓာတ်ပုံရိုက်ခွင့်တောင် မရှိဘူးလို့ ခင်ပွန်းဖြစ်သူက ဆိုပါတယ်။

ဩဂုတ်လ ၁၀ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း ၊တိုက်အမှတ် (၁၆) ၊ ၄လွှာကို အကြမ်းဖက်စစ်အုပ်စုဝင်တွေ ဝင်ရောက်စီးနင်းရာမှာ မဝေဝေမြင့်နဲ့ လူငယ် ၄ယောက်တို့ဟာ တိုက်နောက်ဖေးကနေ ခုန်ချသွားခဲ့ပြီး နောက်ထပ် လူငယ် ၃ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီနေ့မွန်းလွဲပိုင်း စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာတော့ ၄၄လမ်း ဖြစ်စဉ်မှာ နှစ်ဦးသေဆုံး ၊ သုံးဦး ဒဏ်ရာရပြီး သုံးဦးဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ခုန်ချသူ ၅ဦးထဲက ၃ဦးဟာ ဒဏ်ရာတွေရရှိထားပြီး တပ်မတော်ဆေးရုံပို့ဆောင်ထားတယ်လို့ ဖော်ပြထားပေမယ့် အဲဒီ ၃ဦးဟာ ဘယ်သူဘယ်ဝါအမည်ဖော်ပြထားတာမရှိသလို သေဆုံးသူ ၂ ဦးရဲ့ အမည်ကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာ မရှိပါဘူး။

အဲဒီဖြစ်စဉ်မှာ ခုန်ချခဲ့တဲ့ လူငယ်တွေရဲ့ မိသားစုဝင်တချို့နဲ့ သူငယ်ချင်းတွေကတော့ ၅ဦး သေဆုံးတယ်လို့လည်း ပြောကြားမှုတွေရှိနေပါတယ်။