ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် တရုတ်က မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဒေါ်လာ ၆ သန်းကျော်ကူညီမယ်

၁၂၊ ဩဂုတ်လ၊ ၂၀၂၁။

ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၂၁ ခုအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လွှဲပြောင်းပေးမယ်လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးထဲက စီမံကိန်းတွေအတွက် တရုတ်နိုင်ငံက ရန်ပုံငွေ လွှဲပြောင်းမှာဖြစ်ပြီး သဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီစီမံကိန်းတွေထဲမှာ တိရစ္ဆာန် ကာကွယ်ဆေးထိုးလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနဲ့ သဘာဝဘေးရန် ကာကွယ်ရေးလုပ်ငန်း ပါဝင်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်နဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ပေမယ့် တရုတ်နိုင်ငံကတော့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး တည်ငြိမ်အေးချမ်းဖို့က အဓိကဦးစားပေးဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် တရုတ်အစိုးရဟာကို အာဏာသိမ်းစစ်အုပ်စု ကူညီထောက်ခံနေတယ်ဆိုပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက ဝေဖန်ပြောဆိုထားကြသလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတာတွေ၊ တရုတ်အလံကို မီးရှို့ပြီး ကန့်ကွက်ကြောင်း ပြသခဲ့တာတွေ၊ တရုတ်ထုတ် ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။