မြန်မာနဲ့ နယ်စပ်နားမှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို တရုတ် အတည်ပြု

ဧပြီ၊ ၂

မြန်မာနဲ့ နယ်စပ်မှာ ခဲယမ်းမီးကျောက် အစစ်တွေ အသုံးပြုပြီး စစ်ရေးလေ့ကျင့် ပစ်ခတ်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်က အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာခြင်းနဲ့အတူ တရုတ်နယ်စပ်မှာ မတည်မငြိမ် အခြေအနေတွေကို ကြုံတွေ့လာခဲ့ပါတယ်။ နယ်စပ်က ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်က အကြိမ်ကြိမ် ကန့်ကွက်ခဲ့သလို စစ်ခင်းနေတဲ့ နှစ်ဖက် အင်အားစုကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ သတိပေးခဲ့ပါတယ်။

အခုအခါမှာတော့ တရုတ်ဟာ ယူနန်ပြည်နယ်ထဲက ဒီဟွန်ဒိုင်နဲ့ ကျင်ပိုဒေသတွေမှာ ဧပြီ ၂ ရက်နဲ့ ၃ ရက်ကျရင် ရေတပ်နဲ့ ကြည်းတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်မယ်ဆိုတာ အတည်ပြု ကြေညာခဲ့ပါတယ်။ စစ်ရေး လေ့ကျင့်မှုတွေ အတောအတွင်း သတ်မှတ်ထားတဲ့ ဇုန် ၅ ခုမှာ အသွားအလာ ကန့်သတ် ပိတ်ပင်ထားပြီး ဓာတ်ပုံရိုက်ခွင့်နဲ့ ဒရုန်းပျံသန်းခွင့်တွေကိုပါ တားမြစ်ထားပါတယ်။

တရုတ် တောင်ပိုင်းစင်္ကြံဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနကလည်း အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ ကျည်အစစ်တွေကို အသုံးပြုမှာဖြစ်ကြောင်းနဲ့ ရေတပ်ကပါ ပူးပေါင်းပါဝင်မှာဖြစ်ကြောင်း သီးခြား အတည်ပြု ကြေညာခဲ့ပါတယ်။

အခုလို လေ့ကျင့်မှုတွေဟာ နယ်စပ်ဒေသရဲ့ တည်ငြိမ်ရေး၊ အချုပ်အခြာ အာဏာ ခိုင်မာစေရေးနဲ့ လူထုရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်နိုင်ရေး ရည်မှန်းချက်တွေကို အချိန်ပြည့် တာဝန်ယူနိုင်အောင် ပြင်ဆင်ထားတဲ့ အစီအမံမျိုးလည်း ဖြစ်တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

 လေ့လာသူတွေကတော့ မြန်မာဖက်က တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ် မတည်မငြိမ် ဖြစ်လာတာကို တုံ့ပြန်ဖို့ တရုတ်က စစ်အင်အား ပြသတဲ့ အစီအမံ တခုအနေနဲ့သာ ယူဆနေကြပါတယ်။

တရုတ်စစ်တပ်ဟာ ညီနောင် မဟာမိတ် သုံးဖွဲ့နဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကြား ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အဲဒီနယ်စပ်တဝိုက်မှာ အလားတူ စစ်အင်အားပြ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။

 

Ref: SCMP