နယ်စပ်ဖြတ်ကျော်မယ့်သူတွေကို စစ်ကောင်စီက UID လက်မှတ်တွေ လုပ်ခိုင်းပြီး ပိုမိုတင်းကျပ်

ဧပြီ၊ ၅
 
ပြည်တွင်းကနေ အိမ်နီးချင်းနိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ နယ်စပ်ဖြတ်ကျော် သွားလာမ့ယ်သူတွေကို ဇီ၀အချက်အလက်တွေပါတဲ့ UID လက်မှတ်တွေပါမှ ၀င်ထွက်ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
 
လာမယ့် မေလ ၁ ရက်ကစလို့ နယ်စပ်ဂိတ်တွေကနေ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို ရက်တို၊ ရက်ရှည် ၀င်ရောက်သွားလာတဲ့အခါ UID ကဒ်တွေပါမှသာ နယ်စပ်ဖြတ်သန်းခွင့် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးတော့မယ်လို့ ထပ်မံတင်းကျပ်လိုက်တာပါ။
 
အရင်ကတော့ အဲ့ဒီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေရဖို့ နိုင်ငံသားစီစစ်ရေးကဒ်ပြား (မှတ်ပုံတင်)သာ လိုအပ်ခဲ့တာပါ။
 
UID ကဒ်ဆိုတာက လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား၀န်ကြီးဌာနက အသက် ၁၀ နှစ်အထက်ရှိသူတွေကို အီလက်ထရောနစ်စနစ်နဲ့ ကိုယ်ရေးအချက်အလက်တွေ ဇီ၀အချက်အလက်တွေကို ကောက်ယူပြီး ထုတ်ပေးထားတဲ့ ဂဏန်းဆယ် လုံးပါ အသိအမှတ်ပြုကဒ် ဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ ပြည်ပကိုအကြောင်းအမျိုးမျိုးနဲ့သွားရောက်ဖို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကိုလည်း UID နံပါတ်တွေ ပူးတွဲတင်ပြဖို့ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စတင်သတ်မှတ်ညွှန်ကြားခဲ့ပါသေးတယ်။
 
ဒီစနစ်အရ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီက ကွန်ပျူတာစနစ်နဲ့ မှတ်တမ်းတင်သိမ်းဆည်းထားမှာဖြစ်ပြီး နောက်ကြောင်းအချက်အလက်သိရှိလိုသူတွေကို မြန်မြန်ဆန်ဆန်ရှာဖွေသိရှိနိုင်တဲ့ စနစ်ဖြစ်ပါတယ်။
 
မူဆယ်မြို့ကတဆင့် တရုတ်နိုင်ငံကို ၀င်ရောက်မယ့် အလုပ်သမားတွေကို ကူညီလုပ်ကိုင်ပေးနေသူတဦးကတော့ နယ်စပ် ဖြတ်ကျော်နိုင်ဖို့ အတွက် အခုလို အထောက်အထားတွေ တိုးမြင့်တောင်းခံလာတာ စည်းစနစ်ကျအောင်လုပ်တယ်ဆိုပေမယ့် UID ကဒ်လုပ်တဲ့နေရာမှာ အချိန်ကြာမြင့်တာတွေဖြစ်လာနိုင်လို့ ဆိုပါတယ်။
 
“အခက်အခဲကတော့ဗျာ တခုပိုတောင်းတဲ့အတွက် အလုပ်တခုတော့ပိုသွားမှာပေါ့၊ရပ်ကွက်ရုံးမှာ ထောက်ခံစာယူရင်တောင် ကိုယ်လိုချင်တဲ့အချိန်မရဘဲ သူတို့ရှိတဲ့အချိန်လောက်ရတာဆိုတော့ အခုလိုလည်းဒီလိုပါပဲ၊ အခက်အခဲကတော့ အနည်းအ ကျဉ်းရှိမှာပေါ့ ” လို့ သူကဆိုပါတယ်။
 
UID ကဒ်တွေကို မြို့နယ်တိုင်းရှိ လ၀က(လူ၀င်မှုကြီးကြပ်ရေးရုံး) ရုံးတွေမှာ လုပ်ကိုင်နိုင်တယ်ဆိုပေမယ့် အချက်အ လက် တွေမှားယွင်းနေရင်ထုတ်ယူလို့ရမှာ မဟုတ်တဲ့အတွက် မိမိသက်ဆိုင်ရာမြို့နယ်တွေမှာသာ တခါတည်းလုပ်ကိုင်ကြဖို့ သူကတိုက်တွန်းပါတယ်။
 
“ကဒ်တွေကတော့ ကြိုက်တဲ့ လ၀က ရုံးတွေမှာ လုပ်လိုရတယ်၊ဒါပေမယ့် သူရဲ့ပြသာနာက ဘာလဲဆိုတော့ သူရဲ့အချက် အ လက်တွေ မှားနေတယ်ဆိုရင် ပြန်ပြင်လို့မရဘူး၊အဲတော့ ထုတ်မရတော့ဘူး၊မူရင်းတွေရှိတဲ့ ရုံးမှာပဲ ပြင်ဆင်လို့ရတယ်၊ မူရင်း တွေရှိတဲ့ နေရာမှာပဲ လုပ်ပြီးတော့ နယ်စပ်ထွက်ဖို့လုပ်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ” လို့ သူကဆက်ပြောပါတယ်။
 
UID ကတ်ကို ကိုယ်နေထိုင်ရာ မြို့နယ်ရှိ လူ၀င်မှုကြီးကြပ်ရေးရုံးတွေမှာ နိုင်ငံသားစီစစ်ရေးကတ်နဲ့အတူ သက်ဆိုင်ရာ ရပ် ကွက်အလိုက် ထောက်ခံချက်တွေနဲ့ ထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
 
အရင်က အိမ်နီးချင်းနိုင်ငံတွေကို အ၀င်အထွက်ပြုလုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေမှာ နိုင်ငံသားစီစစ်ရေး ကတ်တွေနဲ့ ခုနှစ်ရက်သက်တမ်းရှိတဲ့ TBP(Temporary Border Pass ) ကတ်၊ တနှစ်သက်တမ်းရှိတဲ့ Border Pass တွေ လျှောက်ပြီး သွားလာနိုင်လို့ရပါတယ်။
 
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ အခုလို ပြောင်းလဲသတ်မှတ်လိုက်တာဟာ နယ်စပ်ကတဆင့် အ၀င်အထွက်လုပ်နေတဲ့ လူဦးရေ စာရင်းကို အတိအကျသိရှိဖို့နဲ့ မှတ်ပုံတင် အတုတွေအသုံးပြုပြီး အိမ်နီးချင်နိုင်ငံတွေဆီ သွားလာနေတာတွေ ကို ထိန်းချူပ်နိုင်ဖို့ ပြုလုပ်တာလို့ ဆိုထားပါတယ်။
 
အကြမ်းမဖက် အာဏဖီဆန်ရေး လှုပ်ရှားမှု(CDM) မှာ ပါ၀င်ခဲ့တဲ့ ကျောင်းဆရာ တဦးကတော့ အခုလို စစ်ကောင်စီက ပြည် သူတွေရဲ့ အချက်အလက်တွေကို တောင်းခံတာဟာ ကြီးမားတဲ့ လူအခွင့်အရေးချိုးဖောက်မှုသာဖြစ်ပြီး စစ်တပ်ဆန့်ကျင် သူတွေ ပြည်ပနိုင်ငံတွေကို လွယ်လွယ်ထွက်ခွာလို့မရအောင် ထိန်းချူပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
 
“ နိုင်ငံကူးလက်မှတ်သွားလုပ်ရင်တောင် CDM လုပ်ထားတဲ့သူရဲ့ နာမည်နဲ့တူရင်တောင် စာအုပ်ထုတ်မပေးတာမျိုးတွေ ရှိတော့ အခုလို အချက်အလက်တွေ တောင်းတယ်ဆိုတာကလည်း လူထုကို ဖိနှိပ်ဖို့ကြိုးပမ်းလာတာလို့မြင်ပါတယ် ” လို့ သူကပြောပါတယ်။
 
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်မြို့ခံတဦးကတော့ တရုတ်ပြည်ကို ၀င်ခွင့်ရဖို့အတွက် ခုနှစ်ရက်သက်တမ်းရှိတဲ့ TBP( အရပ်အခေါ် တခါသုံးကတ်) တွေရဖို့ကို လနဲ့ချီစောင့်နေရတဲ့သူတွေရှိတဲ့အတွက် UID ကတ်တွေပါ ထပ်ပေး ရမယ်ဆိုရင် မူဆယ်ရောက်နေသူတွေ အခက်အခဲတွေရှိသွားနိုင်တယ်လို့ ဆိုပါတယ်။
 
“ တခါသုံးကတ်တွေကိုတော့ တရက်ကို သုံးလေးရာလောက် ထုတ်ပေးနေတာပေါ့၊ဒါပေမယ့် တရုတ်ကို ၀င်ဖို့လုပ်နေ တဲ့သူ တွေက မူဆယ်မှာ အများကြီးပဲလေ၊ UID ကတ်ကို သူတို့ နေရပ် ပြန်လုပ်ဖို့ ဆိုတာကျတော့ လမ်းစရိတ်တွေဘာတွေနဲ့ ဒုက္ခ တွေဖြစ်သွားနိုင်တာပေါ့ ” လို့ သူကဆိုပါတယ်။
 
လာမယ့်လ ၁ ရက်နေ့ကစပြီး UID ကတ်မပါသူတွေကို စစ်ကောင်စီတပ်က TBP ကတ် နဲ့ BP ကတ်တွေ အသစ်လုပ်တာ အဟောင်းလဲလှယ်တာတွေကို လုပ်ဆောင်ပေးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media